ဧရာဝတီတိုင်းမ်
‌မတ် ၂ ရက်

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့ အုန်းကျွန်းကြီးမှ စစ်ကောင်စီတပ်ဖွဲ့များ လက်နက် ကြီးများဖြင့် ပစ်ခတ်မှုများပြုလုပ်နေကြောင်း သိရသည်။

အုန်းကျွန်းကြီးရှိ စစ်ကောင်စီတပ်ဖွဲ့များသည် ယနေ့ မတ် ၂ ရက် နံနက် ၉ နာရီခန့်တွင် လက်နက် ကြီးများဖြင့် စမ်းသပ်ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း သတင်းအထူးတပ်ဖွဲ့ ပုသိမ်ထံက သိရသည်။

“လက်နက်ကြီးပစ်သံတွေကြားရတယ်။ တိုက်ပွဲကတော့ မရောက်လာဘူးဆိုတာ သိပေမယ့် စစ်တပ်က ရမ်းသန်းပစ်မှာ ဒေသခံတွေဘက်က စိုးရိမ်နေကြတယ်။ ညဘက်တွေလည်း လမ်းပေါ်မှာထွက်လာသမျှ ပေါ်တာဆွဲနေတာ”ဟု ငပုတောဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဧရာဝတီတိုင်းအတွင်း တိုက်ပွဲများ ပြင်းထန်လာပြီး နောက် စစ်ကောင်စီက ဧရာဝတီ တိုင်းအတွင်းရှိ မြို့ နယ်အများစုတွင် စစ်ရေးပြင်ဆင်နေပြီး ခုခံစစ်အတွက် ကတုတ် ကျင်းများတူးခြင်း၊ ဆက်သွယ်ရေး မြောင်းများ ဖောက်ခြင်း၊ နှစ်ထပ်ဘန်ကာများ အခိုင်အခံ့ဆောက်လုပ်ခြင်းတို့ကို ပြုလုပ်လျက်ရှိ ကြောင်း သိရသည်။

ပုသိမ်မြို့နယ်အတွင်း ကန်ကြီးထောင့်မြို့နယ်၊ ဟိုင်းကြီးကျွန်းတို့တွင်ပါ နယ်မြေရှင်းလင်းရေးဟု ခေါင်းစဉ်တပ်ကာ အင်အားရာချီခန့်ဖြင့် စစ်ကြောင်းထိုးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီသည် ငပုတောမြို့နယ်အတွင်းရှိ လူငယ်များကို စစ်မှုထမ်းရန်အတွက်ပြီးခဲ့သည့် ဖေဖော် ဝါရီ ၂၄ ရက်ခန့်က စတင်၍ စစ်ကားများဖြင့် နေ့စဉ်ဖမ်းဆီး ခေါ်ဆောင်နေမှုများရှိနေပြီး ငပုတောမြို့ နယ်တွင် ယခုရသတ္တပတ်အတွင်း ဖမ်းဆီးခံရသည့် လူငယ် ၄၀ ကျော်ရှိလာပြီး မသန်စွမ်းသူများပါ ဖမ်းဆီးခံနေရကြောင်း ဒေသခံများထံက သိရသည်။

စစ်မှုထမ်းရန်အတွက် ဆင့်ခေါ်စာ ပေးခြင်းမပြုတော့ဘဲ ရပ်ကွက်အုပ် ချုပ်ရေးမှူးနှင့် စစ်ကောင်စီ တပ်များ ပူးပေါင်းကာ လူငယ်များကို စစ်ကားများဖြင့် ပေါ်တာဆွဲဖမ်းဆီးနေကြောင်း သိရသည်။

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အများစု၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ညအချိန်များတွင် စစ်ကား တန်းများဖြင့် ကင်းပတ်ကာ ရဟတ်ယာဉ်များဖြင့်ပါ ကင်းလှည့်စစ်ဆေးမှုများရှိလာကြောင်း သိရသည်။

သာပေါင်းမြို့နယ်အတွင်းတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်ဖွဲ့တို့အကြား စစ်ရေးတင်းမာမှုများ ရှိနေပြီး သာပေါင်း၊ ကြက်သွန်ကွင်း၊ မကျီးဇင်ဘက်တွင်ပါ AA ပူးပေါင်းတပ်က စောင့်ကြည့်တိုက် ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

#ဧရာဝတီတိုင်း #ငပုတော #ငရုတ်ကောင်း #စစ်ကောင်စီ #လက်နက်ကြီးပစ်ခတ် #Ayeyarwaddy_Times