
ဧရာဝတီတိုင်းမ်
မတ် ၁ ရက်
ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ ပြင်စလူမြို့နယ်ခွဲတွင် စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့က စစ်မှုထမ်းအကြောင်းပြ၍ ငွေတောင်းယူမှုများပြုလုပ်နေကြောင်း ဒေသခံများထံကသိရသည်။
လပွတ္တာမြို့နယ်၊ ကိုင်းသောင်ကျေးရွာရှိ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးမှာ ဦးဝင်းနိုင်ကြီးဖြစ်ပြီး ရာအိမ်မှူး ဦးမြင်အောင်တို့သည် ဇန်နဝါရီလတွင် တစ်ကြိမ်၊ ဖေဖော်ဝါရီလတွင် နှစ်ကြိမ် ငွေတောင်းယူကြောင်း ဒေသခံများကပြောသည်။
“အုပ်ချုပ်ရေးမှူးနဲ့ သူတူမ ယောကျ်ား ရာအိမ်မှူးနဲ့ပေါင်းပီး ငွေတောင်းတာ။ စစ်မှုထမ်းအတွက် ငွေမထည့်ရင် မဲနှိုက်ရမယ်လို့ပြောတယ်။ မြို့နယ်ကလူကြီးတွေက ငွေမတောင်းရလို့ပြောထားပါတယ်။ ဒါပေမဲ့ တိုင်မယ်ဆိုရင်လဲ အန္တရာယ်ရှိလို့ပါ”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ကိုင်သောင်ကျေးရွာ အိမ်ခြေပေါင်း ၇၀၀ ကျော်ရှိပြီး တစ်အိမ်လျှင် ကျပ်ငွေ နှစ်သောင်းခွဲ ပေးရသည့်အပြင် အဖိုးအဖွားများနေထိုင်သည့် နေအိမ်များကိုလည်း အချိုးကျငွေတောင်ယူကြောင်း ဒေသခံများကပြောသည်။
ထို့ပြင် စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင် မှာ မြို့နယ် စစ်ကောင်စီတပ်ထံ ပြည်သူ့စစ်မှုထမ်းတစ်ဦး ပေးပို့နိုင်လျှင် ကျပ်ငွေ ၁၀ အထိထပ်မံရရှိကြောင်း ဒေသခံများကပြောသည်။
လက်ရှိအချိန်ထိ ဧရာဝတီတိုင်းအပြင် အခြားသောတိုင်းဒေသများတွင်လည်း ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအများစုမှာ ပြည်သူ့စစ်မှုထမ်းအကြောင်းပြု၍ ငွေတောင်းယူများကို ယခင်ကထက် ပိုမိုလုပ်ဆောင်ကြကြောင်း စုံစမ်းသိရှိရသည်။
ဓာတ်ပုံ-ကိုင်းသောင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး
#လပွတ္တာ #ရပ်ကျေးအုပ်ချုပ်ရေးမှူး #ရာအိမ်မှူး #စစ်မှုထမ်းအကြောင်းပြ #ငွေတောင်း
#Ayeyarwaddy_Times