နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၁ ရက်

အာဏာသိမ်းပြီးနောက် ခုခံတော်လှန်မှုများကြောင့် စစ်ရှုံးကာ တပ်အင်အား လိုအပ်နေသည့် စစ်ကောင်စီက ရဲဝန်ထမ်းဟောင်းများအနေဖြင့် ၎င်းတို့နှင့်အတူ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ပါဝင်ကူညီပေးရန် စည်းရုံးပြောဆိုလာကြောင်း ရဲတပ်ဖွဲ့အသိုင်းအဝန်းထံက သိရသည်။

စစ်ကောင်စီခန့် လက်အောက်ခံ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ယခုရက်ပိုင်း နေပြည်တော်တွင် ပြုလုပ်သော မြန်မာနိုင်ငံ ရဲမှုထမ်းဟောင်းများအဖွဲ့ ဖွဲ့စည်းထားမှု ၃ နှစ်ပြည့် အခမ်းအနားတွင် ရဲဝန်ထမ်းဟောင်းများအနေဖြင့် ကူညီပေးရန် စည်းရုံးပြောဆိုခဲ့သည်။

“အခုချိန်မှာက တပ်အင်အား အဆမတန် လိုအပ်နေတဲ့ အချိန်ဆိုတော့ ရဲတပ်ဖွဲ့ကနေ နုတ်ထွက်၊ အငြိမ်းစားယူသူတွေကို စည်းရုံးရေးဆင်းတယ်။ အဓိကကတော့ မင်းတို့လည်း အဆင်သင့်လုပ်ထား၊ လိုအပ်ရင် ငါတို့ပြန်ခေါ်မယ်။ အဲ့သဘောပါပဲ” ဟု ရဲဝန်ထမ်းဟောင်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အလားတူ စစ်ကောင်စီကလည်း ရဲမှုထမ်းဟောင်းများအနေဖြင့် ပြည်တွင်းလုံခြုံရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေး စသည်တို့ ဆောင်ရွက်ရာတွင် တတ်စွမ်းနိုင် သမျှ ပံ့ပိုးပါဝင် ကူညီပေး၍ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်သွားကြရန် တိုက်တွန်းကြောင်း ထုတ်ပြန်ထားသည်။

“စစ်မှုထမ်းဟောင်းနေ့ဆိုပြီး အစည်းအဝေးတွေလုပ်တာ ရဲမှုထမ်းဟောင်းတွေကို ပြန်ခေါ်သုံးဖို့ပဲ။ ခေတ်အဆက်ဆက် ရဲတပ်ဖွဲ့အပေါ် သူတို့ကောင်းခဲ့တာ ဘာမှမရှိဘူး” ဟု CDM ရဲတပ်သား အောင်ကျော်မိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ခေါင်းဆောင်သည် အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာတွင် မြန်မာနိုင်ငံ ရဲမှုထမ်းဟောင်း များအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပြီး ဗဟိုဌာနချုပ်ရုံး ဖွင့်လှစ်၍ အဖွဲ့ဝင်အင်အား တိုးများရရှိရေးအတွက် စစ်ကောင်စီနှင့် ၎င်းလက်အောက်ခံ ရဲတပ်ဖွဲ့တို့ ချိတ်ဆက်ကာ စည်းရုံးရေးဆင်းခဲ့သည်။

ထို့နောက် စစ်ကောင်စီသည် တိုင်း/ပြည်နယ် စည်းရုံးရေး ကော်မတီနှင့် ကြီးကြပ်ရေးအဖွဲ့များ၊ မြို့နယ်စည်းရုံးရေး ကော်မတီများ၊ ရဲမှုထမ်းဟောင်းအဖွဲ့များကို အဆင့်ဆင့် ဖွဲ့စည်း၍ အသုံးချနေသော် လည်း ထိုအဖွဲ့ဝင်များအတွက် ဟန်ပြသာ ပံ့ပိုးကူညီနေကြောင်း သိရသည်။

“သူတို့ဖွဲ့တဲ့အထဲမှာ လူ(ရဲဝန်ထမ်းဟောင်း)တိုင်းတော့ မဟုတ်ဘဲ ပါချင်တဲ့ တက်ကြွတဲ့ လူလောက်ဘဲ ပါဝင်တယ်။ သူတို့ကျ ဇိမ်ခံ၊ သူများကျ ချကျွေး တော်တော်တရားကျဖို့ ကောင်းတယ်” ဟု Non CDM ရဲမှူးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် စစ်ကောင်စီသည် ၎င်းတို့ တပ်အင်အားအတွက် ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့် အရန်တပ်ဖွဲ့ (ခ) စစ်မှုထမ်းဟောင်း ဥပဒေတို့ကို အသက်သွင်း ပြဌာန်း၍ စုဆောင်းမှုများ ပြုလုပ်နေသလို ရဲတပ်ဖွဲ့ဝင်များကိုလည်း ရှေ့တန်းပို့ဆောင်နေကြောင်း သိရသည်။

ဓာတ်ပုံ-အင်တာနက်

#စစ်ကောင်စီ #တပ်အင်အားလိုအပ်ချက် #ရဲဝန်ထမ်းဟောင်းများ #ပါဝင်ကူညီပေးရန် #စည်းရုံးပြောဆို #Ayeyarwaddy_Times