နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၁ ရက်

စစ်ကောင်စီက အာဏာသိမ်း လေးနှစ်ကျော်အတွင်း ၎င်းတို့ကို လူမှုကွန်ရက်ပေါ်တွင် ဆန့်ကျင်ဝေဖန် ရေးသားမှုနှင့် အွန်လိုင်းပြောဆို ဆက်သွယ်မှုများ ပြုလုပ်သည့် လူပုဂ္ဂိုလ် ၁၈၈၄ ဦးအား ဖမ်းဆီး ထားကြောင်း လွတ်လပ်သော သုတေသနအဖွဲ့ တစ်ခုဖြစ်သည့် Data for Myanmar ထံက သိရသည်။

ယင်းအခြေအနေသည် ပျမ်းမျှအားဖြင့် အွန်လိုင်းအသုံးပြုသူ ၅၀ ဦး လစဉ် ဖမ်းဆီးခံနေရခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် ၈၇၄ ဦး၊ ၂၀၂၃ ခုနှစ်တွင် ၆၁၅ ဦး၊ ၂၀၂၄ ခုနှစ်တွင် ၃၇၅ ဦးနှင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ လကုန်အထိ ၂၀ ဦးတို့ဖြစ်ကြောင်း Data for Myanmar ၏ ယမန်နေ့ ဖေဖော်ဝါရီ ၂၈ ရက် ထုတ်ပြန်ချက်အရ သိရသည်။

“ဒါဟာ အာဏာရှင်က သူ့ထိုင်ခုံတည်မြဲရေး၊ သူ့ရဲ့ပန်းတိုင်တွေ ခိုင်မြဲရေးအတွက် နှိပ်ကွပ်ချေမှုန်း နေရတဲ့ အရေးအရာများစွာထဲက တစ်ခုကို အကောင်အထည် ဖော်နေတာပါပဲ” ဟု ပြည်တွင်း သတင်းဌာနတစ်ခု၏ အယ်ဒီတာတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုသို့ဖမ်းဆီးခံရသူ အများစုသည် ရန်ကုန်နှင့် မန္တလေးတိုင်းမှဖြစ်ပြီး လူမှုကွန်ရက်စာမျက်နှာ (Facebook)ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် အများဆုံး ဖမ်းဆီးခံရမှုအပြင် TikTok၊ Telegram၊ Viber၊ YouTube စသည်တို့ပေါ်၌ ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရခြင်းများလည်းရှိကြောင်း သိရသည်။

“စိတ်မလုံခြုံဘူး။ တော်လှန်ရေးသတင်းတွေကို ရှဲ(share)ချင်တာ မရှဲရဲဘူး။ နောက်ကိုယ်အားပေးတဲ့ တော်လှန်အနုပညာရှင်တွေရဲ့ post အောက်မှာ ချစ်ခင်နေကြောင်း ရေးချင်တာ မရေးရဲဘူး” ဟု ရန်ကုန်မြို့နေ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် လူထုလှုပ်ရှားမှုများအတွက် အရေးပါသော လူမှုကွန်ရက်နှင့် အွန်လိုင်း ပလက်ဖောင်းများကို ထိန်းချုပ်ရန် နည်းမျိုးစုံ ကြိုးစားခဲ့ကာ အင်တာနက် ဖြတ်တောက်ခြင်း၊ ဝဘ်ဆိုဒ်စာမျက်နှာများအပြင် Facebook ကဲ့သို့ လူမှုကွန်ရက် ပလက်ဖောင်းများကို ပိတ်ပင်ခဲ့သည်။

ယင်းနောက် စစ်ကောင်စီက လူမှုကွန်ရက်မှတဆင့် လှုံ့ဆော်ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်လျှင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က၊ ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ပုဒ်မ ၃၃(က) စသည့်တို့ဖြင့် အရေးယူမည်ဟု ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

“ဒီမိုကရေစီစံနှုန်းနဲ့ကြည့်မြင်တိုင်းတာရမယ့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဆိုတာဟာ အာဏာရှင်အတွက် အန္တရာယ်အရှိဆုံး စူးညောင့်ဖြစ်တာမို့ အဲဒါကို မျက်ခြေမပျက်စောင့်ကြည့် ထိန်းချုပ်နေတာ ဖြစ်ပါတယ်” ဟု ပြည်တွင်း သတင်းဌာနတစ်ခု၏ အယ်ဒီတာက ဆိုသည်။

ထို့အပြင် စစ်ကောင်စီသည် တော်လှန်ရေး အင်အားစုများက ဖန်တီးထားသော PDF ဂိမ်းများကို မဆော့ရန်နှင့် အမုန်းစကားများ မပြောဆိုရန် ၎င်းတို့ဝါဒဖြန့် သတင်းစာများမှတဆင့် ထုတ်ပြန် ဖော်ပြခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီမှစတင်၍ ယနေ့ထိတိုင် ဖမ်းဆီးအရေးယူများ လုပ်ဆောင်နေ ကြောင်း Data for Myanmar ထံက သိရသည်။

“အကြမ်းဖက်မှုဆိုပြီး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌လူမှုကွန်ရက်သုံးသူတွေ နေ့တိုင်းဖမ်းခံနေရတာ တွေ့ရတော့ ပိုသတိထား နေရတယ်။ တစ်ခါတစ်လေ ကိုယ့်နာမည်ပဲ ပါနေမလားလို့ ဟန်ငြိမ်းဦး (စစ်တပ်ထောက်ခံ တယ်လီဂရမ် ချန်နယ်) အကောင့်ထဲ ဝင်ကြည့်ရသေးတယ်” ဟု ရန်ကုန်မြို့ခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

စစ်ကောင်စီသည် အွန်လိုင်းပေါ်က ရေးသားပြောဆိုမှုကို အဓိကစောင့်ကြည့်၍ အရေးယူမှုများ ပြုလုပ်သလို မြေပြင်ရှိ ၎င်းတို့၏ လုံခြုံရေး၊ စစ်ဆေးရေးဂိတ်များတွင်လည်း ဖုန်းများစစ်ဆေး၍ ဖမ်းဆီးမှုများလုပ်ဆောင်နေသည့်အပြင် စစ်တပ်ထောက်ခံ တယ်လီဂရမ် ချန်နယ်များကလည်း စောင့်ကြည့်ကူညီ ဖိအားပေး တိုက်တွန်းလျက်ရှိသည်။

#စစ်ကောင်စီ #၄နှစ်ကျော်အတွင်း #အွန်လိုင်းအသုံးပြု #ဝေဖန်ရေးသား #လူ၂၀၀၀ဝန်းကျင် #ဖမ်းဆီး #Ayeyarwaddy_Times