
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၈ ရက်
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ နွယ်ခွေကျေးရွာနှင့် ချောင်းမကျေးရွာကို စစ်ကောင်စီက လေကြောင်းမှဗုံး ကြဲပြီး မြေပြင်တွင် ပစ်ခတ်ဝင်ရောက်စစ်ကြောင်းထိုးလာသဖြင့် ဒေသခံ ၁၂ ဦးသေဆုံးကြောင်း သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်း ဖေဖော်ဝါရီ ၂၅ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်တွင် စစ်ကောင်စီပူးပေါင်းတပ်များသည် နွယ်ခွေကျေးရွာနှင့် ချောင်းမကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ် ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“ကလေးတွေရော၊ အမျိုးသမီးတွေရော အမျိုးသားတွေရောပါတယ်။ မိသားစုအကုန်လုံး သေတဲ့အိမ်တွေရှိတယ်။ အိမ်တွေလည်း အမိုးတွေလန်ပြီး ပျက်စီးကုန်တာ”ဟု ချောင်းဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ် မုံရွာနမခမှ စစ်ကောင်စီတပ်သားများနှင့် မြပုလဲဂိတ်မှ စစ်ကောင်စီတပ်သားများ ပူးပေါင်းကာ စစ်ကြောင်းထိုးခဲ့ပြီး လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်ကာ ဝင်ရောက်စီးနင်းခဲ့ပြီး လေကြောင်းမှပါ လှည့်ပတ်ဗုံးကြဲခဲ့သည့်အတွက် အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ် နှစ်ဦးအပါအဝင် ဒေသခံ ၁၀ ဦးသေဆုံးပြီး ပကဖတပ်ဖွဲ့ဝင်နှစ်ဦးကျဆုံးခဲ့သည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ် ၁၁ လုံး ပျက်စီးခဲ့ပြီး အိမ်ခြေ ၅၀၀ ခန့်မှ ဒေသခံအားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း သိရသည်။
စစ်ကြောင်းထိုး ဝင်ရောက်ချိန်တွင် စစ်ကောင်စီတပ်က မြပုလဲဆီဆိုင်ဂိတ်မှနေ၍ လက်နက်ကြီးများဖြင့် တောက်လျှောက်ပစ်ကူပေးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒေသတော်လှန်ရေးတပ်ဖွဲ့များပါ နေထိုင်ခြင်းမရှိကြောင်း သိရပြီး စစ်ကောင်စီက အကြောင်းမဲ့ပစ်ခတ်စစ်ကြောင်းထိုးခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ပုံစာ- ချောင်းဦးဗုံးကြဲခံရပြီး ထိခိုက်မှုနှင့် ပျက်စီးမှုအခြေအနေ (ပေးပို့)
#စစ်ကိုင်း #ချောင်းဦး #နွယ်ခွေ #စစ်ကောင်စီ #လေကြောင်း #ပစ်ခတ် #စစ်ကြောင်းထိုး #ဒေသခံ #သေဆုံး #Ayeyarwaddy_Times