ဧရာဝတီတိုင်းမ်
(ကန့်ဘလူ)၊ ဖေဖော်ဝါရီ ၂၈ ရက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ပြည်သူ့လုံခြုံရေးအချုပ်စခန်းတွင် အချုပ်သူအမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပြုလုပ်ခဲ့သည့် ကန့်ဘလူ(ပအဖ) တာဝန်ခံ ဦးမဲခေါင်ကို ဖမ်းဆီးထားပြီဖြစ်ကာ ၎င်းအမှုအတွက် စတင်စစ်ဆေးနေပြီဖြစ်ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံဖြစ်သူ ဦးမြင့်ဇော်ဦး(ခ)ဦးမဲခေါင် မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်နေ့က တန့်ဆည်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ထံလာရောက်အဖမ်းခံခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊(NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့် ရှိသူ ဦးနေဘုန်းလတ် ထံက သိရသည်။

“စွပ်စွဲခံရတဲ့သူက တန်ဆည်ပလဖမှာ သူကိုယ် တိုင်လာရောက်အဖမ်းခံတာဖြစ်ပါတယ်။ လက်ရှိကတော့ရီမန် ချုပ်ရီမန်ယူထားပြီးတော့ ချုပ်ထားတယ်။ ပြီးတော့ကျွန်တော်တို့စတင်ပြီးတော့ စစ်ဆေးတဲ့ကိစ္စတွေလုပ်နေပြီပေါ့နော်” ဟု ဦးနေဘုန်းလတ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဦးမဲခေါင်မှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကျူးလွန်ကြောင်း တိုင်ကြားခံရပြီးနောက် ၎င်းကိုဖမ်းဆီးရန် NUG အစိုးရက အမိန့်ထုတ်ပြန်ချိန်တွင် တိမ်းရှောင်သွားခြင်းဖြစ်သည်။

ထို့ပြင် တန့်ဆည်(ပလဖ) ထံလာရောက်အဖမ်းခံရန်ကိုလည်း NUG၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ကြိုတင်ဆက်သွယ် ပြောဆိုမှုများပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

လိင်အကြမ်းဖက်မှု ကျူးလွန်ခဲ့ကြောင်း တိုင် ကြားခံရသည့် ဦးမဲခေါင် နှင့်အတူ တိုင်ကြားခံထားရသည့် ကန့်ဘလူ (ပလဖ) စခန်းမှူးဟောင်း ဦးရဲရင့် နှင့် စခန်းမှူးအသစ် ဦးအောင်ဇေယျတို့ကိုလည်း ဖမ်းဆီးထားကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

“စစ်ဆေးပေါ်ပေါက်မှုပေါ်မှာ မူတည်ပြီးတော့မှ ဘယ်ပုဒ်မနဲ့တရားစွဲမယ်ဆိုတဲ့ကိစ္စကတော့ဆက်လုပ်ရမှာပေါ့နော်။ အခုလောလောဆယ်ကတော့ စတင်စစ်ဆေးတဲ့အခြေအနေပဲရှိပါသေးတယ်။ နစ်နာသူက NON CDM ဖြစ်ချင်း မဖြစ်ချင်းနဲ့မဆိုင်ပါဘူး။ ကျွန်တော်တို့ ဒီကျူးလွန်တဲ့ဖြစ်ပျက်မှု အပေါ်မှာပဲ စစ်ဆေးပြီး ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာပါ” ဟု ဦးနေဘုန်းလတ်က ဆက်လက်ပြောသည်။

ယခုဖမ်းဆီးခံထားရသူ ဦးမဲခေါင်သည် Non-CDM ကျန်း မာရေးဝန်ထမ်းဖြစ်သည့်အတွက် ဖမ်ဆီးခြင်းခံထားရသည့် အချုပ်သူကို အဓမ္မပြုကျင့်ခြင်းကဲ့သို့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို ကျူးလွန်ခဲ့ကြောင်း နှင့် ၎င်းဖြစ်စဉ်ကို ကျူးလွန်ခံရသူ ကာယကံရှင်ကိုယ်တိုင်မှ ယခုနှစ် ဇန်နဝါရီ ၁ ရက်နေ့တွင် အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ – လူမှုကွန်ရက်

#ကန့်ဘလူ #အချုပ်စခန်း #လိင်ပိုင်းဆိုင်ရာအကြမ်းဖက် #ဖမ်းဆီးရမိ #ဦးမဲခေါင် #Ayeyarwaddy_Times