ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၈ ရက်

ဧရာ၀တီတိုင်း၊ ငပုတောမြို့နယ်ရှိ မော်တင်စွန်းဘုရားပွဲကို ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် စစ်ကောင်စီမှ ဖွင့်ပွဲပြုလုပ်ကာ စတင်ကျင်းပခဲ့ကြောင်း သိရသည်။

မတ်လ ၁၃ ရက်နေ့အထိ ၁၅ ရက်ကြာကျင်းပမည့် ဘုရားပွဲတော်ကို စစ်ကောင်စီအဖွဲ့၀င် မန်းငြိမ်းမောင်နှင့် ဧရာ၀တီတိုင်း၀န်ကြီးချုပ်တို့မှ လာရောက်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

“စည်မစည်တော့ မသိရသေးဘူး။ မော်တင်မှာတော့ တည်းခိုခန်းတွေ၊ ဈေးဆိုင်တွေတော့ ဖွင့်ထားတာတွေ့တယ်။ ကလေးတွေစာမေးပွဲနဲ့တိုက်နေတာရယ် တိုက်ပွဲတွေ အသံကြားလို့ လူတွေကလန့်နေကြတော့ စည်မယ်လို့တော့မထင်ဘူး”ဟု ငပုတောဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

လက်ရှိတွင် မော်တင်ဘုရားနှင့်ကမ်းခြေတစ်လျှောက်တွင် ဟိုင်းကြီးကျွန်းရေတပ်စခန်းမှ စစ်ကောင်စီတပ်သားများနှင့် ရဲတပ်ဖွဲ့၀င်အင်အားအများအပြား ချထားကြောင်း သိရသည်။

ပုသိမ်မြို့ကမ်းနားလမ်းတွင်လည်း အမြန်ရေယာဥ် ခြောက်စီးပြေးဆွဲပေးမည်ဖြစ်ရာ လက်မှတ်များရောင်းချပေးနေကြောင်းနှင့် ပွဲတော်ကာလအတွင်းတွင် ဇတ်ပွဲများဖြင့် စည်ကားစေရန် စစ်ကောင်စီမှစီစဉ်နေကြောင်းသိရသည်။

ပုသိမ်ခရိုင်အတွင်းရှိ ရွှေသောင်ယံ၊ သာပေါင်း၊ငါးသိုင်းချောင်းတို့တွင် စစ်ကောင်စီတပ်များကို အရက္ခတပ်တော် ပူးပေါင်တပ်ဖွဲ့များမှ ထိုးစစ်ဆင်တိုက်ခိုက်နေသောကြောင့် တိုက်ပွဲများဖြစ်ပွားနေကာ ခရီးသွားလာရာတွင် လုံခြုံရေးစိုးရိမ်ရကြောင်း ဒေသခံများမှပြောသည်။

#ပုသိမ်ခရိုင် #တိုက်ပွဲများဖြစ်ပွားနေသော်လည်း #မော်တင်စွန်းဘုရားပွဲ #၁၅ရက်ကြာကျင်းပမည် #Ayeyarwaddy_Times