
(ဟားခါး)၊ ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၈ ရက်
ချင်းပြည်နယ် ဟားခါးမြို့တွင် စစ်ရှောင်များကို စစ်ကောင်စီက ထောက်ပံ့ကြေးပေးရာ မယူသူများရှိကြောင်း ဒေသခံများထံက သိရသည်။
ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့၊ မနက် ၁၀ နာရီတွင် ဟားခါးမြို့ရှိ ပြည်နယ်အစည်းအဝေးခန်းမတွင် ကျင်းပပြီး စစ်ကောင်စီ၏ ပြည်နယ်
ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်ခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်ရှိ မြို့နယ် ၈ မြို့နယ်မှ ဟားခါးမြို့တွင် တိမ်းရှောင်လာသည့် စစ်ရှောင် ၃,၅၇၉ ဦးရှိကြောင်း သိရသည်။
အဆိုပါထောက်ပံ့ကြေး နှစ်သောင်းကျပ်သည် မိသားစုစားဝတ်နေရေး ဖြေရှင်းရန် အတွက်လုံလောက်သည့် ပမာဏာမဟုတ်သည့်အပြင် ၎င်းတို့နာမည်ရရုံဖြင့် ထောက်ပံ့ပေးအပ်ခြင်းသာဖြစ်သည့်အတွက် စစ်ရှောင် ပြည်သူအချို့က လက်ခံခဲ့ခြင်းမရှိကြောင်း ပြောကြားသည်။
“အရင်လကတည်းက တိုက်ပွဲရှောင် ပြည်သူ စာရင်းတွေ ကောက်တယ်။ ငွေကျပ် နှစ်သောင်းကျပ်စီ ထောက်ပံ့မယ်ပေါ့။ အခုအခြေအနေ ကုန်စျေးနှုန်းတွေနဲ့ ငွေကျပ်နှစ်သောင်းဟာ မက်မောက်လောက်တဲ့ပမာဏာလည်းမဟုတ်တဲ့အတွက် မယူဘူးပေါ့။ ဘာလုပ်မှာလည်းနော်။ အဲ့ငွေနှစ်သောင်းနဲ ကိုယ့်နာမည်လည်း ပေးရအုံးမယ်။ ဓာတ်ပုံလည်း အရိုက်ခံရအုံးမယ်။ အလုပ်ပျက်ခံပြီး ထုတ်ရအုံးမယ်။ မယူတဲ့သူတွေများပါတယ်” ဟု မတူပီမြို့နယ်မှ တိုက်ပွဲရှောင်ပြည်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထောက်ပံံ့ငွေကို ထန်တလန်မြို့နယ်မှ စစ်ရှောင် ပြည်သူ ၉၁၄ ဦး၊ ပလက်ဝမြို့နယ်မှ ၃၃၁ ဦး၊ ဖလမ်းမြို့နယ်မှ ၂၀၉၀ ဦး၊ မတူပီမြို့နယ်မှ ၉၄ ဦး၊ ကန်ပက်လက်မြို့နယ်မှ ၂၄ ဦး၊ ဟားခါးမြို့နယ်မှ ၂၄ ဦး၊ မင်းတပ်မြို့နယ်မှ လေးဦးနှင့် တွန်းဇံမြို့နယ်မှ ၁၆ ဦးတို့ကို ပေးအပ်ခဲ့ကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားသည်။
#စစ်ကောင်စီ #စစ်ရှောင်ထေက်ပံ့ကြေး #ချင်း #မယူသူများရှိ
#Ayeyarwaddy_Times