
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၈ ရက်
မြန်မာပြည်ရှိ အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID) ဖြင့်လည်ပတ်နေသောစီမံကိန်းများ အားလုံးဖျက်သိမ်းရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများထံ ယမန်နေ့က တရားဝင်အကြောင်းကြားစာပေးပို့ကြောင်း သတင်းရရှိသည်။
ယခုနှစ်စတွင် အမေရိကန်သမ္မတအသစ် ဒေါ်နယ်ထရမ့်တက်လာပြီးနောက် အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID) မှ နိုင်ငံတကာထံကူညီထောက်ပံ့မှုအားလုံးကို ရက် ၉၀ ရပ်ဆိုင်းထားရန်အမိန့်ထုတ်ပြီးနောက် ယခုအခါ မြန်မာနိုင်ငံရှိစီမံကိန်းများအားလုံးတရားဝင်ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။
မြန်မာပြည်တွင်းအပါဝင် မြန်မာ – ထိုင်းနယ်စပ်တွင် USAID အကူအညီဖြင့်လည်ပတ်နေသည့် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ၊ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အစည်းများ၊ လူ့အခွင့်ရေးလှုပ်ရှားမှုနှင့် လူမှုအဖွဲ့အစည်းများအပါဝင် မီဒီယာထောက်ပံ့ရေးလုပ်ငန်းများရပ်ဆိုင်းသွားပြီဖြစ်ကြောင်းသိရသည်။
“ USAID ရပ်တော့ထိတယ်။ အဖွဲ့အစည်းမှာလူတော့မလျှောသေးဘဲ ထောင့်ခံနေတယ်။ ဒါပေမဲ့လစာတော့ လျှော့မှာ။ အခုလည်ပတ်နေတာက အရင်ရပြီးသားကျန်တာတွေ။ လောလောဆယ်အသစ်တွေရှာတုန်းပေါ့။ စိတ်ပူရတာပေါ့။ ခြိုးခြံချွေတာရတယ် “ ဟု ထိုင်းနိုင်ငံရောက် NGO ဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိအဖွဲ့အစည်းများအနေဖြင့် အခြားကူညီထောက်ပံ့ပေးနေသောနိုင်ငံများဖြစ်သည့် ကနေဒါ၊ ဂျပန်၊ ဆွစ်ဇာလန် ၊ ဂျာမဏီ၊ ထိုင်ဝမ်အပါအဝင် အခြားနိုင်ငံများထံကူညီပေးနိုင်ရန်တောင်းဆိုသင့်ကြောင်း သုတေသနပညာရှင် အမျိုးသားတစ်ဦးက သုံးသပ်ပြောကြားသည်။
ထို့ပြင် USAID မှ မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးကာကွယ်ရေးစီမံကိန်း၊ ဒီမိုကရေစီမြှင့်တင်ရေးလုပ်ငန်း၊ လွတ်လပ်သောမီဒီယာများပံ့ပို့ရေးအပါအဝင် တီဘီ နှင့် HIV စီမံကိန်းများတွင် ကူညီရန်ကတိကဝတ်ပြု ထားသည့်ရန်ပုံငွေ ကန်ဒေါ်လာ သန်း ၁၅၀ ဝန်းကျင်ရှိကြောင်း Human Rights Myanmar က ထုတ်ပြန်ထားသည်။
လွန်ခဲ့သည့်ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံအတွင်းမှ ထိခိုက်လွယ်ပြည်သူများအတွက် အမေရိကန်ပြည်ထောင်စုကပေးအပ်သည့် လူသားချင်းစာနာမှုအကူအညီပေးအပ်မှုစုစုပေါင်းပမာဏကို ဒေါ်လာ ၁၄၁ သန်းအထိရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးထုတ်ပြန်ချက်အရသိရသည်။
ဓာတ်ပုံ – NGO , လူမှုကွန်ရက်
#USAID #အကူညီများ #တရားဝင်ရပ်ဆိုင်း
#လူသားချင်းစာနာထောက်ထားမှုကူညီများရပ်ဆိုင်းခံရ
#Ayeyarwaddy_Times