
ဧရာဝတီတိုင်းမ်
(ကျောက်တံခါး)၊ ဖေဖော်ဝါရီ ၂၇ ရက်
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် နှင့် ဖြူးမြို့နယ်အတွင်း ရန်ကုန်-မန္တလေး လမ်းဟောင်း ပေါ်ရှိ စစ်ကောင်စီ ဂိတ်စခန်း ခုနစ် ခုကို တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်နှင့် ၂၆ ရက် အသီးသီးက တစ်ပြိုင်နက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်-မန္တလေး လမ်းဟောင်းအနီး စစ်ကောင်စီ၏ ရထားသံလမ်း ကင်းတဲစခန်း ခုနစ်ခုကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ် ဦးသေဆုံးပြီး နှစ် ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း MA ကျည်ဘောက် နှစ် ဘောက်နှင့် MA ကျည်တောင့် ၂၀ တောင့် သိမ်းဆည်းရမိခဲ့ပြီး အမှတ် (၃၇၀၂) တပ်ရင်းမှ တပ်ဖွဲ့ဝင် ရဲဘော် တစ် ဦး ကျဆုံးခဲ့ကြောင်း P2 -3702 တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ စစ်ကောင်စီစခန်းများကို တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ လက်အောက်ရှိ အမှတ်-၃၇၀၂၊ ၃၅၀၂ တပ်ရင်း၊ Spring Warrior Column၊ အာဠာဝကစစ်ကြောင်း (၇၈၀၃)၊ ဧရာဝတီစစ်ကြောင်း(၆၀၀၂)၊ စစ်တောင်းစစ်ကြောင်း၊ ရန်ကုန်(ပကဖ)၊ ဖြူး(ပကဖ) နှင့် KNLA တပ်ရင်း-၉ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြာင်း သိရသည်။
ထို့ပြင် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် စစ်ရေးလှုပ်ရှားမှုများကို တိုးမြှင့်ဆောင်ရွက်သွားရန်ရှိပြီး ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့များ၊ ဂိတ်စခန်းများ အနီးသို့ သွားရောက်ခြင်းမပြုကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကထုတ်ပြန်ထားသည်။
ဓာတ်ပုံ – NUG
#ကျောက်တံခါး #ဖြူးတိုက်ပွဲ #စစ်ကောင်စီ #PDF #KNLA #Ayeyarwaddy_Times