
စစ်ကောင်စီ စစ်ကြောင်းများက အရပ်သားများကို လူသားမိုင်းရှင်း ကိရိယာများအဖြစ် အသုံးချနေ
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၇ ရက်
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် မြေမြှုပ်မိုင်း အသုံးပြုမှုမှာ သိသာမြင့်တက်လာပြီး ပြီးခဲ့သည့် နှစ်များအတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက်များကြောင့် အရပ်သား လူထောင်ချီ ထိခိုက်သေဆုံးခဲ့ကြောင်း မြေမြှုပ်မိုင်း စောင့်ကြည့်လေ့လာရေးအဖွဲ့ Monitor ၏ ၂၀၂၄ ခုနှစ် အစီရင်ခံစာအရ သိရသည်။
ယင်းမြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှုများသည် နေပြည်တော်မှလွဲ၍ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင် ဖြစ်ပေါ်ခဲ့ပြီး မြေမြုပ်မိုင်း ပျံ့နှံ့မှုမှာလည်း နိုင်ငံအဝှမ်း မြို့နယ်အားလုံး၏ ထက်ဝက်ကျော်ရှိကာ စစ်ကောင်စီ အာဏာသိမ်းချိန်မှ စတင်ကာ မိုင်းအသစ် အသုံးပြုမှုသည် ပိုမိုပျံ့နှံ့လာကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ မြေမြှုပ်မိုင်း အကျပ်အတည်း အခြေအနေ၊ ထပ်ဆင့်ပေါက်ကွဲစေသော စစ်လက်နက်ပစ္စည်းများ အသစ်အသုံးပြုခြင်းတို့နှင့် စပ်လျဉ်း၍ ယမန်နေ့ ဖေဖော်ဝါရီ ၂၆ ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ တိကျသည့် မူဝါဒများ မတွေ့ရသေးကြောင်း မြှုပ်မိုင်းကင်းကွာ ပြည်မြန်မာ (Mine Free Myanmar)က ဆိုသည်။
“ပြီးခဲ့တဲ့ သုံးနှစ်လောက်အတွင်းမှာ စစ်တပ်ကရော၊ NUG ဘက်ကရော၊ အခြားသော တော်လှန်ရေး အဖွဲ့စည်းများဘက်ကရော မြေမြှုပ်မိုင်း အသုံးပြုမှုနဲ့ ပတ်သက်ပြီး တိကျတဲ့ မူဝါဒဆိုင်ရာ ထုတ်ပြန်ကြေညာချက်မျိုး လုပ်ခဲ့တာ မတွေ့ရပါဘူး” ဟု Mine Free Myanmar မှ တာဝန်ရှိသူက မီဒီယာများကို ပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်များအတွင်း ထိခိုက်သေဆုံးမှုမှာ လတ်တလော ထောင်ထားသည့် မိုင်းအသစ်များ ဖြစ်နိုင်ပြီး ၂၀၂၃ ခုနှစ် တစ်နှစ်တည်း၌ပင် ၁၀၀၃ ဦး ထိခိုက်သေဆုံး၍ ကမ္ဘာပေါ်တွင် အများဆုံးနိုင်ငံအဖြစ် မှတ်တမ်းဝင်ကာ ၁၉၉၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ထိခိုက်သေဆုံးမှု စုစုပေါင်း ၇၁၇၇ ဦးရှိကြောင်း သိရသည်။
မြေမြှုပ်မိုင်း စောင့်ကြည့်လေ့လာရေးအဖွဲ့ Monitor ၏ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာအရ မြေမြှုပ်မိုင်းကြောင့် ၁၂၈၇ ဦး သေဆုံးပြီး ၅၇၆၄ ဦး ထိခိုက်ဒဏ်ရာရကာ လူ ၁၂၆ ဦးမှာ အကြောင်းအရင်း မသိရဘဲ မှတ်တမ်းတင်ခဲ့ရသလို အဆိုပါ ထိ ခိုက်သေဆုံးသူ အရေအတွက်သည် ယခုထက်ပို၍ များပြားနိုင်ကြောင်း သိရသည်။
မြေမြှုပ်မိုင်း ထိခိုက်ဒဏ်ရာရသူများသည် မြန်မာပြည်တွင်းရှိ ဆေးရုံ၊ ဆေးခန်းများအပြင် အိမ်နီးချင်း နိုင်ငံများဖြစ်သော ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ထိုင်းနှင့် တရုတ်နိုင်ငံတို့တွင် ဆေးကုသမှုများ ခံယူရသလို စစ်ကောင်စီ စစ်ကြောင်းများက အရပ်သားများကို လူသားမိုင်းရှင်း ကိရိယာများအဖြစ် အသုံးချနေကြောင်း သိရသည်။
အလားတူ စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက်များကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံဖြစ်လာပြီး ဆီရီးယားနှင့် အာဖဂန်နစ္စတန်နိုင်ငံမှာ ဒုတိယ၊ တတိယ လိုက်လာကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA)က ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ပုံစာ-စစ်ကောင်စီက အသုံးပြုသည့်မြေမြှုပ်မိုင်းများ
#စစ်တပ်အာဏာသိမ်း #မြေမြှုပ်မိုင်းအသုံးပြုမှု #မြင့်တက် #လူထောင်ချီထိခိုက်သေဆုံး #အရပ်သားများ #လူသားမိုင်းရှင်းကိရိယာ #Ayeyarwaddy_Times