ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၇ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ခတက္ကန်ရွာ အရှေ့ဘက်ရှိ MRTV အသံလွှင့် တာဝါတိုင်ကုန်း (ဗောဓိတထောင်) စခန်းအား တော်လှန်ရေးတပ်ဖွဲ့များက သိမ်း ပိုက်ခဲ့ကြောင်း သိရသည်။

ဗောဓိတထောင်စခန်းကုန်းအတွင်း တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၁၇ ဦး ကို ယမန်နေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်၍ စခန်းကိုသိမ်းယူလိုက်ခြင်းဖြစ် ကြောင်း အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားသည်။

“ဗောဓိတထောင် တာ၀ါတိုင်ကုန်းမှာ တိုက်ပွဲဖြစ်တာပါ။ စခန်းကို သိမ်းနိုင်ခဲ့တယ်။ ကျွန်တော်တို့ အဖွဲ့တွေလည်း ဘေးကင်းပါတယ်” ဟု အဆိုပါတိုက်ပွဲတွင် ပါ၀င်ခဲ့သည့် မုံရွာခရိုင် တပ်ရင်း(၄)မှ တာ၀န်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ၁၁ ဦးသေဆုံးပြီး G-3 ငါး လက်၊ Uzi သုံး လက်၊ M-79 နှစ် လက်၊ G-3ကျည် ၂၅၇၀ တောင့်၊ 9mm ကျည် ၂၁၂၈ တောင့်၊ ၄၀ မမ ဗုံးသီး ၁၀ လုံး၊ ရှေ့ထွက်မိုင်း နှစ် လုံး၊ ကျည်အိမ် ခြောက် ခု၊ TV တစ် လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီ၏ မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ စက်တပ်လေထီးနှစ်စီး၊ တံတားဦးလေတပ်မှ Mi 35 တစ်စီးတို့ ဖြင့် လေကြောင်းပစ်ကူပေးခဲ့ပြီး အမတ-၅၀၈ မှ ၁၀၅ မမ ၊ ၁၂ ၀ မမတို့ဖြင့် ၁၄ ကြိမ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲကို မုံရွာခရိုင် ကွပ်ကဲရေးမှူး ကွပ်ကဲမှုဖြင့် မုံရွာခရိုင် ကွပ်ကဲရေးရုံးအဖွဲ့၊ မုံရွာခရိုင် ဒရုန်းတပ်ဖွဲ့၊ မုံရွာခရိုင် လက်နက်ကြီးတပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း (၁၊ ၄၊ ၆၊ ၁၆၊ ၂၄၊ ၂၇)၊ ဗျူဟာ (၆၁၊ ၆၄)၊ စစ်ကိုင်းခရိုင် တပ်ရင်း-၂ ဒရုန်းတပ်ဖွဲ့ (GTR)၊ မုံရွာခရိုင် ပကဖ တိုက်ခိုက်ရေးအဖွဲ့ (Danger Force LPDF)၊ မုံရွာခရိုင် ပကဖ ဒရုန်းအဖွဲ့၊ မုံရွာမြို့နယ် ပကဖ၊ အရာတော်မြို့နယ် တိုက်နယ်-၁၁ ဒရုန်းအဖွဲ့၊ BLDF ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျောင်းသားလက်ရုံးတပ်တော်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်နေ့ကလည်း မုံရွာ နမခ စစ်ဌာနချုပ်အတွင်းကို လက် နက်ကြီးကျည် ၁၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုရှိကြောင်း သိရသည်။

ဓာတ်ပုံ-အမှတ်(၁) စစ်ဒေသ
#စစ်ကိုင်း #မုံရွာ #ဗောဓိတထောင် #MRTV #တာဝါတိုင်ကုန်း #တော်လှန်ရေးတပ်ဖွဲ့ #သိမ်းပိုက် #Ayeyarwaddy_Times