ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၇ ရက်

မကွေးတိုင်း၊ ငဖဲမြို့နယ် စစ်ကောင်စီ၏ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်မှ စခန်းစွန့်ခွာ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ချင်းကာကွယ်ရေးတပ်-အရှို(CDF-Asho) က ဖမ်းဆီးရမိထားကြောင်း သိရသည်။

နတ်ရေကန်စခန်းမှ ကစဉ့်ကလျားထွက်ပြေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃ ဦးကို ယမန်နေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် CDF-Asho က ဖမ်းဆီးရမိထားကြောင်း ထုတ်ပြန်သည်။

“သူတို့ရှေ့တန်းမှာ မနေချင်ဘဲနေရတာမျိုး စစ်တိုက်ရည်ခိုက်ရည် မရှိတော့ဘူး။ ကျွန်တော်တို့ဆီမှာ မိတာတော့ အခုအပတ်မှာ ဒုတပ်ကြပ်အထိ အမြင့်ဆုံးပါပြီးတော့ တပ်သားတွေရော ပြည်သူ့စစ် တွေရော စစ်မှုမထမ်းမနေရ ဥပဒေကြောင့်ပါသွားတဲ့သူတွေရော မျိုးစုံရှိတယ်။ ပုံစံမျိုးစုံတပ်တွေလည်း မတူကြဘူး။ အဲ့ဒီလိုမျိုး လွတ်ရာလွတ်ကြောင်းပြေးနေကြတဲ့ ပုံစံမျိုးတွေပါဝင်ပါတယ်။ လက်ရှိတော့ စစ်ဆေးမေးမြန်းဆဲပါပဲ” ဟု CDF–Asho၏ တာဝန်ရှိသူဆလိုင်းရှိုချင်းက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထိုသို့ ကာကင်းစခန်းများမှ စခန်းစွန့်ခွာထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖေဖော်ဝါရီ ၂၄ ရက်နေ့မှစ၍ နယ်မြေရှင်းလင်းလုပ်ဆောင်ရာတွင် ၃ ရက်အတွင်း ဖမ်းဆီးရမိထားခြင်းဖြစ်ကြောင်း သိရသည်။

နတ်ရေကန်စခန်းတာဝါတိုင်၏ မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာ တောတွင်းနေရာအသီးသီးမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃ ဦးကို လက်နက်ခဲယမ်းများနှင့် အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တပ်ဖွဲ့ဝင် ၂၃ ဦးနှင့်အတူ MA1 ၁၃ လက်၊ MA2 တစ် လက်၊ MA 3 သုံး လက်၊ MA 11 ၂ လက်၊ MA 5 တစ် လက် စုစုပေါင်း လက်နက်ငယ် ၂၀၊ လက်ပစ်မိုင်း ၁၈ လုံး၊ EY သီး ၁၂ လုံး၊ ကျည် ၄၀၀၀ ကျော်နှင့် အခြားစစ်အသုံးအဆောင်ပစ္စည်းများကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း CDF- Asho ထံက သိရသည်။

နတ်ရေကန်စခန်းကို အာရက္ခတပ်တော် (AA) နှင့်ပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက် နေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ လက်နက်များနှင့် အစုလိုက်ထွက်ပြေးနေကာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက်နေ့ကလည်း နတ်ရေကန်မှ ထွက်ပြေးလာသည့် စစ်ကောင်စီယာဉ်တန်းကို CDF- Asho က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-ချင်းကာကွယ်ရေးတပ်-အရှို(CDF-Asho)
#မကွေး #ငဖဲ #နတ်ရေကန် #စစ်ကောင်စီ #ထွက်ပြေး #CDF_Asho #ဖမ်းဆီးရမိ #Ayeyarwaddy_Times