ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၇ ရက်

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ စစ်ကောင်စီတပ်များက ပြည်သူ့စစ်မှုထမ်းစုဆောင်းရာ နေအိမ်ပေါ်တက်ပြီး ခြင်ထောင်ထဲအထိပါ ရှာဖွေမှုများပြုလုပ်လာကြောင်း ဒေသခံများထံက သတင်းရရှိသည်။

ရေကြည်မြို့နယ်ရှိ ကျေးရွာအချို့တွင် စစ်ကောင်စီတပ်၏ ပြည်သူ့စစ်မှုထမ်း အဓမ္မစုဆောင်းမှုများ ပိုမိုပြုလုပ်လာခြင်းကြောင့်အသက် ၁၈နှစ်မှ ၃၅နှစ်အတွင်းရှိလူငယ်များမှာ ၎င်းတို့၏ နေအိမ်အတွင်း မအိပ်ရဲတော့ကြောင်း ဒေသခံများကပြောသည်။

“ရွာအမည်တွေတော့ မဖော်ပြပါတော့ပါဘူး၊ မြို့နဲ့လဲ နီးနေတော့ ညဦးပိုင်းတွေ လာရှာကြတယ်။ ခြင်ထောင်တွေပါ ဖွင့်လှန်ပြီးရှာကြတယ်။ ဒါကြောင့် လူငယ်တွေလဲ ညဘက်ဆို အိမ်တွေမှာ မအိပ်ရဲကြတော့ဘူး”ဟု ရေကြည်မြို့ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ပုသိမ်မြို့နယ်၊ ဟင်္သာတမြို့နယ်ရှိ အထောင်၊ ရှားခဲအပါဝင် ရေကြည်မြို့နယ်၊ ကျုံပျော်မြို့နယ်၊ ကြံခင်းမြို့နယ်၊ မြန်အောင်မြို့နယ်များတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးများကဒေသခံလူငယ်များကို စာရင်းပေးကာ လူငယ်များ၏ကိုယ်စား ၎င်းတို့က မဲနှိုက်ခြင်းများက်ို ဆက်တိုက်ပြုလုပ်လာကြသည်။

ထိုကဲ့သို့ လူငယ်များ၏ကိုယ်စားမဲနှိုက်ခြင်းများပြုလုပ်လာပြီးနောက် စာအိပ်ဖွင့်ဖောက်၍ ပြည်သူ့စစ်မှုထမ်းမဲပေါက်သည်ဟုဆိုကာ ကြိုတင်အကြောင်းခြင်းမရှိပဲ လျှပ်တပြက် ဝင်ရောက်ဖမ်းဆီးမှုများ ပြုလုပ်လာကြကြောင်း ဒေသခံများကပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကလည်း ဟင်္သာတမြို့နယ်၊ ရှားခဲတိုက်နယ်တွင် ရပ်ကျေးစာရေးမ ဦးဆောင်ပြီး ပြည်သူ့စစ်မှုထမ်းရန် အဓမ္မစုဆောင်းမှုကြောင့် လူငယ်များမှာ ညတွင်းချင်းတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

ထို့ပြင် ဧရာဝတီတိုင်းအတွင်းရှိ အဓမ္မစုဆောင်းခံရသည့် ပြည်သူ့စစ်မှုထမ်းအများစုမှာ မိသားစုဝင်းများနှင့် အဆက်သွယ်များပြတ်တောက်နေသလို ရှေ့တန်းတွင်လည်း ထိခိုက်သေဆုံးမှုများလည်း ရှ်ိနေကြောင်း ပြည်သူ့စစ်မှုထမ်းမိသားစုဝင်များထံက သိရှိရသည်။

ဓာတ်ပုံ-ဧရာဝတီတိုင်းအတွင်း အဓမ္မစုဆောင်းခံထားရသည့် ပြည်သူ့စစ်မှုထမ်းများ

#ရေကြည် #စစ်ကောင်စီ #ပြည်သူ့စစ်မှုထမ်းစုဆောင်းရာ #နေအိမ်ပေါ်တက် #ခြင်ထောင်ထဲအထိ #ရှာဖွေမှုများပြုလုပ် #Ayeyarwaddy_Times