
ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၂၆ ရက်
ဧရာဝတီတိုင်း ၊ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ သင်္ကန်းကုန်းရွာအုပ်စုအတွင်းရှိ လူငယ် ၃၅ ဦးကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များနှင့် ပျူစောထီးများက စစ်မှုထမ်းရန် အဓမ္မခေါ်ဆောင် သွားကြောင်း ဒေသခံများထံက သိရသည်။
ငပုတောမြို့နယ်၊ သင်္ကန်းကုန်းရွာအုပ်စုအတွင်းရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးခင်ဇော်၊ ရပ်ကွက် စာရေးကိုကံရင် ၊ပျူစောထီခေါင်းဆောင်တင်အောင်သန်း၊ ကိုလှသန်း၊ ကိုဘိုနက်၊ ရာအိမ်မှုး ကိုစိုးရွှေ၊ ကျိုသန်းထွဋ်နှင့် မောင်ချစ်တို့အဖွဲ့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်နေ့က တစ်ရပ်ကွက်လျှင် လူငယ် ၅ ဦးနှုန်းဖြင့် ရပ်ကွက် ခုနစ် ခုမှ လူငယ်စုစုပေါင်း ၃၅ ဦးကို အဓမ္မခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။
” အခုခေါ်သွားတာမှာ အစိုးရ(စစ်ကောင်စီ)ကျောင်းတက်နေတဲ့ ကျောင်းသားနဲ့ ကျောင်းဆရာပါခေါ် သွားတာ။ မြစ်တွင်းပိုင်း(မြစ်၀ကျွန်းပေါ်အတွင်းပိုင်း)က ကလေးတွေရှောင်းသွားကြပြီ။ အခုက မြို့နယ်မှာ စာရင်းတွေရှိတယ်။ အဲ့ဒီစာရင်းတွေကနေ တစ်ရွာကို ဘယ်လောက်ပေးရမယ်ဆိုပြီး တစ်ခါတည်းကောက်တာ” ဟု သင်္ကန်းကုန်းရွာအုပ်စုရှိ ဒေသခံအမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီ၏ စစ်မှုထမ်းရန် ခေါ်ဆောင်ခြင်းခံရသူ ၃၅ ဦးတွင် အခြေခံပညာကျောင်းသား၊ ကျောင်းဆရာနှင့် မသန်စွမ်း လူငယ်များပါ ပါဝင်ကြောင်း ဒေသခံများထံက သိရသည်။
” စစ်ကောင်စီတပ်သားတွေကတော့ ရွာအနှံ့ကို သူတို့ဆင်းလို့မရဘူး။ ဒါကြောင့် အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးတွေပဲ အားကိုးပြီး သူတို့ရဲ့ အမိန့်နဲ့သွားနေကြတာ။ အခုက ဆိုးဆိုးရွားရွားကို လုပ်လာလို့ မိသားစုလိုက်ရှောင်ရတဲ့သူတွေပါရှိလာတယ်” ဟု ဒေသခံအမျိုးသားက ဆက်လက်ပြောကြားသည်။
လက်ရှိတွင် စစ်ကောင်စီခန့် အုပ်ချူပ်ရေးမှူးအဖွဲ့နှင့် ပျူစောထီးများသည် စစ်မှုထမ်းဆောင်ရန်အတွက် ထိုသို့ အဓမ္မခေါ်ယူများ လုပ်ဆောင်နေ၍ ရွာနှင့်အနီးပတ်ဝန်းကျင်ရှိလူငယ်များမှာ မိသားစုလိုက် ထွက်ပြေး နေရကြောင်း ဒေသခံများထံက သိရသည်။
ဓာတ်ပုံ-ငပုတော ပြည်သူ့စစ်ပျူစောထီးများကို စစ်ကောင်စီက ကြက်ဥများထောက်ပံ့ပေးခဲ့စဥ်(ပုံဟောင်း)
#ငပုတောမြို့နယ်တွင် #အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များ #ပျူစောထီးများ #လူငယ်၃၅ဦးကို #စစ်မှုထမ်းရန် #အဓမ္မခေါ်ယူ #ကျောင်းသား #ကျောင်းဆရာ #မသန်စွမ်းများပါဝင်နေ #Ayeyarwaddy_Times