(ချင်း)၊ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၇ ရက်

ချင်းပြည်နယ်တွင် ချင်းအမျိုးသားကောင်စီအဖြစ် နှစ်ဖက်ပေါင်းစည်းရန် ချင်းပြည်အစိုး(CC) နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့ သဘောတူညီမှုရရှိခဲ့ကြောင့် ယမန်နေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ပူးတွဲထုတ်ပြန်ထားသည်။

ချင်းပြည်နယ်ရှိ ချင်းပြည်သူများအတွက် ကောင်စီနှစ်ရပ် ရှိနေခြင်းကို မဖြစ်သင့်ကြောင်း နှစ်ဖက်လက်ခံယုံကြည်ကြသည်နှင့်အညီ ကောင်စီအသစ်တစ်ရပ်အဖြစ် ပေါင်းစည်းရန်နှင့် ချင်းအမျိုးသားကောင်စီဖွဲ့စည်းရန် ယခုကဲ့သို့ သဘောတူညီခဲ့ကြခြင်းဖြစ်သည်။

ထို့အပြင် ချင်းအမျိုးသားကောင်စီ အမြန်ဆုံးပေါ်ပေါက်လာနိုင်ရေးအတွက် ချင်းအမျိုးသားကောင်စီ ဖွဲ့စည်းပုံအခြေခံဥပဒေမှုကြမ်း ရေးဆွဲရေးအဖွဲ့ကို ဖွဲ့စည်းရန်လည်း သဘောတူညီခဲ့ကြသည်။

လုပ်ငန်းစဥ်များနှင့်ပတ်သက်၍ ရေးဆွဲထားခြင်းမရှိသေးကြောင်းနှင့် မူဝါဒများရေးဆွဲရာတွင် နိုင်ငံရေးလမ်းစဥ်မတူသည့်နှစ်ဖွဲ့ဖြစ်သည့်အတွက် အချိန်ယူရမည်ဖြစ်ကြောင်း ချင်းညီနောင်ဘက်က ဆိုသည်။

“အခုက ကျွန်တော်တို့ လုပ်ငန်းစဉ်ပိုင်း ဘာမှမရေးရသေးဘူးပေါ့နော်။ အသေးစိတ် ဘာမှရေးဆွဲထားတာမရှိသေးဘူး။ဆိုတော့ အဲဒီမူဝါဒ ရေးဆွဲတဲ့အပိုင်းမှာ အရင်ကတည်းကနေ နိုင်ငံရေးလမ်းစဉ်မတူတဲ့ နှစ်ဖွဲ့လိုဖြစ်နေတာ ပေါ့လေ။ ဆိုတော့ ဒီကြားမှာညှိနှိုင်းမှုက တော်တော်လေးကြာရှည်မယ့်ဖြစ်စဉ်လည်း ဖြစ်နိုင်သလို အချင်းချင်းညှိနှိုင်းတာက အချိန်ယူရမယ့် အစီအစဉ်ဖြစ်ပါတယ်။ ဒီကောင်စီဖြစ်ပေါ်လာဖို့က မူကြမ်းက မူချောဖြစ်ဖို့လိုတယ်ပေါ့လေ။ အရင်ဆုံး အတည်ပြုပြီးမှပဲ ကောင်စီကဖြစ်လာမယ်” ဟု ချင်းညီနောင်ပြောခွင့် ဆလိုင်းဘွေအုပ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ချင်းအမျိုးသားကောင်စီ မပေါ်ပေါက်လာခင် အချိန်ထိ လက်ရှိ ကောင်စီအနေဖြင့်ထိန်းချုပ်နယ်မြေကို ဆက်လက်၍ အုပ်ချုပ်ရေးလုပ်သွားမည်ဟု ၎င်းက ဆိုသည်။

CC နှင့် ICNCC တို့ ပေါင်းစပ်ရန် အသစ်ဖွဲ့စည်းမည် ချင်းအမျိုးသားကောင်စီကို လက်ခံကြိုဆိုကြောင့် ချင်းနိုင်ငံရေးလေ့လာ စောင့်ကြည့်သူများက ဆိုသည်။

“အခုဖွဲ့စည်းတဲ့အပေါ် လက်ခံကြိုဆိုတယ်။ တော်တော်လေး နောက်တောင် နောက်ကျတယ်လို့ ဆိုရမှာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကြားမှာ အချင်းချင်း သွေးမြေကျဖူးတဲ့အထိ အချင်းချင်းယုံကြည်မူတွေ တော်တော် ပျက်ပြယ်တဲ့ အခါကျမှ ဒီလိုဟာမျိုးတွေ ထွက်လာတဲ့အခါကျတော့ ကျွန်တော်တို့ ဒီလွယ်လွယ်နဲ့ အဖြေရှာရမယ့်ဟာတွေ ခက်ခဲသွားမယ့်အခြေအနေတွေ ဦးတည်စေတဲ့အနေအထားအခါကတော့ ကျွန်တော်တို့ စိတ်တော့မကောင်းဘူး။ ဒါပေမဲ့ အခုလိုအချိန်မှာ အရမ်းကြီးမနောက်ကျခင်မှာ အခုလိုရလဒ်ကောင်း ပေါ်ထွက်လာတဲ့အပေါ် ကြိုဆိုပါတယ်။”ဟု ချင်းနိုင်ငံရေးလေ့လာစောင့်ကြည်သူ ဆလိုင်းဒိုခါရ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ချင်းပြည်အစိုးရ (CC) ကို ချင်းအမျိုးသားတပ်ဦး ( CNF/CNA) ၊ CDF -Matupi တပ်မဟာ (၂) ၊ CDF Lautu၊ CDF-Paletwa၊ CDF-Tongzang၊ CDF-Zotung၊ CDF-Hakha၊ CDF-Mara၊ CDF-Thantlang ၊ CDF-Hualngoram၊CDF / CDM SIYIN၊ PDA -Tedim ၊ CDF-KKG၊ CDF Zanniatram နဲ့ Mindat Council တို့ဖြင့် ဖွဲ့စည်းထားသည်။

ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)သည် ချင်းညီနောင်၏နိုင်ငံရေးကို ဦးဆောင်ပြီး ချင်းညီနောင်(CB)ကို ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ၊ ZFU / PDF -Zoland၊ CDF Mindat ၊ CDF Kanpalet ၊ CDF -Matupi တပ်မဟာ (၁) နှင့် MTC/ MDF တို့ဖြင့် ဖွဲ့စည်းထားသည်။

ယခုကဲ့သို့ သဘောတူညီမှုရရှိခြင်းအား အမျိုးသားညီညွတ်ရေးအစိုးရကလည်း ကြိုဆိုဂုဏ်ပြုကြောင်း ဖေဖေါ်ဝါရီ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။

#ချင်းအမျိုးသားကောင်စီ #ပေါင်းစည်းရန် #CC #ICNCC #သဘောတူညီမှုရရှိ #ဝါဒများရေးဆွဲရန်အချိန်ယူရမည်
#Ayeyarwaddy_Times