နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၆ ရက်

စစ်ရှုံးစစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA/PNO)က ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်း ကရင်နီ၊ ကယန်း စသည့်လူမျိုးစုများကို ဖမ်းဆီးသတ်ဖြတ်နေသလို အရှင်လတ်လတ် တွင်းနက်ကြီးထဲသို့လည်း ပစ်ချနေကြောင်း ဒေသတွင်းနှင့် စောင့်ကြည့်ရေးအဖွဲ့များထံက သိရသည်။

ထိုဖြစ်စဉ်များကို စစ်ရာဇဝတ်မှုများနှင့် ပတ်သက်၍ လေ့လာစောင့်ကြည့်နေသော Burma War Crimes Investigation (BWCI) က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ မတ်မှ နိုဝင်ဘာအတွင်း ရှစ်လကြာတိုင် စုံစမ်းဖော်ထုတ်၍ မျက်မြင်သက်သေနှင့် လွတ်မြောက်လာသူ​များ၏ ပြောပြချက်ဖြင့် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။

“PNA/PNO က သူတို့ရဲ့ ထိန်းချုပ်နယ်မြေကို ကရင်နီတော်လှန်ရေး အင်အားစုတွေက ဝင်ပြီးတိုက်ခိုက်တဲ့အတွက် လက်တုံ့ပြန်တဲ့အနေနဲ့ ကယား၊ ကယန်း စတဲ့လူမျိုးစု အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်နေတာလို့ သိရတယ်” ဟု BWCI ပြောခွင့်ရ ဦးဆွေလင်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်းအပြင် ပအိုဝ်းပြည်သူ့စစ် PNA/PNO က ၎င်းတို့ဌာနချုပ် တည်ရှိရာ တောင်ကြီးခရိုင်၊ မြို့နယ်ခွဲဖြစ်သော ကျောက်တလုံးကြီးမြို့၏ အနောက်တောင်ဘက်ရှိ ပအိုဝ်းဘာသာဖြင့် “ဆုန်” ဟုခေါ်သော တွင်းနက် (ကြယ်တွင်း)ထဲသို့ လူမျိုးစု အရပ်သားများကို အပြစ်ပေး ပစ်ချနေကြောင်း သိရသည်။

BWCI ၏ စုံစမ်းဖော်ထုတ် မှတ်တမ်းတင်ထားမှုအရ ရှစ်လအတွင်း PNA/PNO က ဖမ်းဆီးသတ်ဖြတ်သော လူမျိုးစုအရပ်သား ၂၇ ဦးရှိခဲ့ပြီး ယင်းတို့မှာ ကယန်းလူမျိုး ၁၆ ဦး၊ ကယား(ကရင်နီ)လူမျိုး ရှစ်ဦး၊ ကရင်-ကယားလူမျိုး တစ်ဦးနှင့် ဗမာလူမျိုး နှစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ လူမျိုးစု အရပ်သား ၂၇ ဦးအနက် သတ်ဖြတ်ခံရသူ ငါးဦး (အသက် ၁၇ နှစ်အရွယ်အပါအဝင် အမျိုးသား လေးဦနှင့် အမျိုးသမီး တစ်ဦး)၊ PNA ထိန်းချုပ်ထားသော ဆီဆိုင်မြို့နှင့် တောင်ကြီး စသည့်ဒေသများတွင် ခရီးသွားလာနေရင်း ၎င်းတို့၏ ဖမ်းဆီးခြင်းကို ခံထားရသူ ၁၁ ဦးရှိကြောင်း သိရသည်။

ထို့အပြင် PNA/PNO က တွင်းနက်(ကြယ်တွင်း)ထဲသို့ အရှင်လတ်လတ် ပစ်ချခဲ့သူ ၁၁ ဦးရှိပြီး တွင်းပေါ်သို့ ရှစ်ဦး ပြန်တက်လာ၍ ရွာကို လေးဦး ပြန်လာနိုင်ကာ လေးဦးမှာ ပျေက်ဆုံးနေသလို သုံးဦးသည်လည်း တွင်းပေါ်ပြန်မတက်နိုင်ကြောင်း BWCI ထံက သိရသည်။

“ပျောက်နေတဲ့လူတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ရဲ့ မိသားစုဝင်တွေက စစ်ကောင်စီရဲ့ ရဲစခန်းတွေ၊ ပြီးတော့ PNO နဲ့ နီးစပ်တဲ့သူတွေ၊ တော်လှန်ရေးအဖွဲ့တွေကို ဆက်သွယ်အကူအညီတောင်း တိုင်တန်းတာတွေ ရှိခဲ့ပေမယ့် အခုထိဘာမှ မသိရဘူး” ဟု BWCI ပြောခွင့်ရ ဦးဆွေလင်းက ဆိုသည်။

အာဏာသိမ်းပြီးနောက် ခုခံတော်လှန်မှုများကြောင့် ကရင်နီပြည်နယ်ကို စစ်ကောင်စီက အဓိကပစ်မှတ်ထားလာပြီး တိုက်ခိုက်နိုင်ရန် လက်အောက်ခံ PNA/PNO ကို အသုံးချနေသလို ၎င်းတို့ကလည်း ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်ရှိ အရပ်သားများကို ထိုကဲ့သို့ လုပ်ဆောင်နေကြောင်း သိရသည်။

“အရင်နှစ် ပင်လောင်း နန်းနိန်မှာ ဘုန်းကြီးနဲ့ အရပ်သား သေဆုံးမှုတွေမှာလဲ PNO နဲ့ စကစဘက်က ကရင်နီဘက်က PDF ရဲ့ ကျူးလွန်မှုလို့ စွပ်စွဲတာတွေ ရှိခဲ့တယ်။ ညောင်ရွှေမှာ စစ်ရှောင်တွေကို အလုပ်ခေါ်ရင် ဖျက်ဆီး၊ ခြိမ်းခြောက်တာတွေ လုပ်တယ်” ဟု ရှမ်းတောင်ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ပွဲများကြောင့် ရှမ်းတောင်နှင့် ကရင်နီဘက်တို့တွင် အရပ်သားများ စစ်ဘေးရှောင်နေရပြီး စစ်ကောင်စီနှင့် PNA/PNO တို့က လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်အောင် ဒေသခံနှင့် စစ်ရှောင်၊ ပအိုဝ်းနှင့် ကယန်းအကြား ရည်ရွယ်ချက်ရှိရှိ ဖန်တီးပုံဖော်နေကြောင်း ဒေသခံများထံက သိရသည်။

“ဒီအချိန်မှာ စစ်ကောင်စီက လူမျိုးရေးကိစ္စ၊ နယ်မြေကိစ္စတွေကို အကြောင်းပြုပြီး ဘာသာရေးအပါအဝင် ဒါမျိုးတွေကို ပုံစံမျိုးစုံနဲ့ လုပ်နေတာကို ကျွန်တော်တို့က နားမယောင်ဖို့၊ သတိကြပ်ဖို့တော့ လိုအပ်တယ်” ဟု ပအိုဝ်းလူငယ်အစည်းအရုံး (PYO)ဒုဥက္ကဋ္ဌ ခွန်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါသတ်ဖြတ်မှုများကို ကျူးဆိုသည့်အပြင် ၂/ မှတ်ပုံတင် ကိုင်ဆောင်ထားသည့် ကယား(ကရင်နီ) အရပ်သားများ၊ ရှမ်းပြည်၌ နေထိုင်သော ၁၃/ မှတ်ပုံတင် ကိုင်ဆောင်ထားသူ ကယန်း အရပ်သားများကိုလည်း ၎င်းတို့အား ဆန့်ကျင်သည်ဟု သံသယရှိပါက PNA/PNO က ဖမ်းဆီး၍ သတ်ဖြတ်သလို ဝါဒဖြန့်မှုများလည်း ပိုမိုလုပ်လာကြောင်း သိရသည်။
ဓာတ်ပုံ- PNA/PNO

#ပအိုဝ်းပြည်သူ့စစ် #ကရင်နီ #ကယန်း #လူမျိုးစုများအားဖမ်းဆီးသတ်ဖြတ် #တွင်းနက်ကြီးထဲပစ်ချ
#Ayeyarwaddy_Times