
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၆ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်အတွင်းရှိ စစ်အခြေခံလေ့ကျင့်ရေးတပ်(စခတ ၆)မှ တပ်သားသစ်တစ်ဦးထွက်ပြေးရာ ပြန်လည် ဖမ်းဆီးမိပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အပေါင်းအပါများက ဝိုင်းဝန်းရိုက်နှက် သတ်ဖြတ်လိုက်ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ တတိယပတ်အတွင်းက စခတ ၆ အတွင်းမှ တပ်သား သစ်ဖြစ်သူ မောင်ဝိုင်းလေးဆိုသူအား ထွက်ပြေးသည်ဟုဆိုကာ လိုက်လံဖမ်းဆီးပြီး သတ်ဖြတ်လိုက်ကြောင်း သိရသည်။
“တပ်သားသစ်တွေက ရှေ့တန်းကိုပို့ခံရတော့ ကြောက်ပြီး နေ့တိုင်းလိုလိုပြေးနေတာ။ ရှေ့တန်းမှာပြေးတဲ့လူတွေကို သေနတ်နဲ့ပစ်သတ်တယ်။ သင်တန်းကျောင်းက ပြေးလာတဲ့ လူတွေကိုပြန်မိရင် ထုရိုက်နှက်ပြီးပြန်ဖမ်းတာ သူတို့လက်ထဲသေတဲ့လူတွေလည်း သေတယ်”ဟု စစ်သင်တန်းကျောင်းနှင့် နီးစပ်သူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တပ်သားသစ်ဖြစ်သူသည် ထွက်ပြေးလွတ်မြောက်ရာမှ ရွှေမြင်တင်ကျေးရွာ အောင်သီရိတောရကျောင်း၌ ထမင်းတောင်းစားရာမှ စစ်တပ်သို့ သတင်းပြန်လည် ပေါက်ကြားပြီး စစ်ကောင်စီတပ်သားများ လာရောက် ရှာဖွေ၍ ပြန်လည်ဖမ်းဆီးသွားပြီး လမ်းတွင်ဝိုင်းဝန်းရိုက်နှက်မှုကြောင့် သေဆုံးသွားကြောင်း သတင်းအထူးတပ်ဖွဲ့ ပုသိမ်ထံက သိရသည်။
သေဆုံးသွားသူ တပ်သားသစ်ကို စခတ ၆ တောစပ်တွင် အလောင်းစွန့်ပစ်ထားခဲ့ပြီး မြွေကိုက်သေဆုံးသည်ဟု လိမ်လည်ကာ ရွှေမြင်တင်မီးသဂြိုဟ်စက်တွင် အခြားစစ်ကောင်စီတပ်သားအလောင်းများနှင့် ရောပြီး မီးသင်္ဂြိုဟ်လိုက် ကြောင်း သိရသည်။
တပ်သားသစ်များ ထွက်ပြေးနေမှုများကြောင့် ဖေဖော် ဝါရီ ၂၃ ရက် ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ဇင်ပြွန်းကုန်းအုပ်စု ကြည်သာကျေးရွာ အရှေ့အနောက်ကို စစ်ကောင်စီတပ်ဖွဲ့များနှင့် စစ်ကောင်စီခန့်ရာအိမ်မှူးများ ဧည့်စာရင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ပုသိမ် ဒေသခံထံမှ သိရသည်။
ပုသိမ်မြို့နယ်အတွင်း စစ်ကောင်စီက လုံခြုံရေးများ အထူးချမှတ်ကာ ရွှေတွင်းတူးရွာတွင် စစ်ကောင်စီအင်အား ၃၀ ဝန်းကျင်ခန့်ဖြင့် နယ်မြေရှင်းလင်းရေး အကြောင်းပြကာ ရောက်ရှိနေကြပြီး မြင်ကကွင်းရဲစခန်းတွင် ဘန်ကာများ အခိုင်အမာဆောက်လုပ်ထားကြောင်း သိရသည်။
စစ်ကောင်စီက တိုက်ပွဲများအတွင်း စစ်အင်အားလို အပ်ချက်ကြောင့်တပ်သား သစ်များကို ရက်တိုသင် တန်းပေးကာ ရှေ့တန်းသို့စေလွှတ်လျက်ရှိရာ သေဆုံးမှု များပြားနေသည့်အတွက် သင်တန်းသားသစ်များမှာ အစုလိုက်သော်လည်း ကောင်း၊ တစ်ဦးချင်းသော်လည်းကောင်း နေ့စဉ်ထွက်ပြေးလျက်ရှိကြောင်း စစ်သင်တန်းကျောင်းနှင့် နီးစပ်သူထံက သိရသည်။
ပုံစာ-ဧရာဝတီတိုင်းရှိ ပြည်သူ့စစ်မှုထမ်းများကိုစစ်ကောင်စီခန့် ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက သွားရောက်တွေ့ဆုံစဥ်
#ဧရာဝတီတိုင်း #စစ်မှုထမ်း #သင်တန်းသားသစ် #ထွက်ပြေး #စစ်ကောင်စီ #ပြန်ဖမ်းမိ #ဝိုင်းဝန်းရိုက်သတ် #Ayeyarwaddy_Times