(ပလက်ဝ)၊ ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၆ ရက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝကျေးရွာမှ အရပ်သား ၅၂ ဦးကို စစ်မှုထမ်းရန် အာရက္ခတပ်တော် (AA) မှ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

AA ဖမ်းဆီးခေါ်ဆောင်သွားသူများသည် ရှင်းလက်ဝကျေးရွာမှ အသက် ၁၈ နှစ်အရွယ်မှ အသက် ၄၅ နှစ်အရွယ်ကြားရှိ ချင်းလူမျိုးနှင့် ရခိုင်လူမျိုး အမျိုးသားများဖြစ်ကြသည်။

ရှင်းလက်ဝကျေးရွာတွင် AA ခန့်ထားသည့် အုပ်ချုပ်ရေးမှူးက ပလက်ဝမြို့မှ AA လူကြီးများ ရောက်လာရန်ရှိသည်ဟုဆိုကာ ဖေဖော်ဝါရီလ ၁၉ ရက်မှ ၂၁ ရက်နေ့ထိ ကျေးရွာအဝင်အထွက် ပိတ်ထားပြီး ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် AA လူကြီး လေးဦး ရောက်လာစဥ် ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။

“AA လူကြီးတွေ မလာခင် သုံးရက်လောက်အလိုက AA အုပ်ချုပ်ရေးမှူးက ရွာအဝင်အထွက်ကို ပိတ်ထားလိုက်တယ်။ ရွာသားတွေ ထွက်ပြေးသွားမှာ စိုးလို့ထင်ပါတယ်။ ဖေဖော်ဝါeရီ ၂၁ ရက်နေ့မှာ ရွာကို AA လူကြီးတွေ လေးယောက် ရောက်လာတယ်။ ရွာသားတွေကို ခေါ်ယူပြီး အစည်းအဝေးလုပ်တယ်။ အဲ့ဒီအစည်းအဝေးအပြီးမှာ လူဦးရေ စာရင်းတွေကောက်တယ်။ ရခိုင်တွေရော ချင်းတွေရော့ အမျိုးသား ၅၂ ယောက်ကို AA က ဖမ်းခေါ်သွားတယ်” ဟု ရှင်းလက်ဝကျေးရွာမှ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် အစည်းအဝေးတွင် AA လူကြီးတစ်ဦးမှ နောက်ထပ် စစ်မှုထမ်းရန် အမျိုးသားများကို ခေါ်ယူသွားမည်ဖြစ်သည့်အတွက် အမျိုးသား ၁၈ နှစ်မှ ၄၅ နှစ်ကြား အမျိုးသားများအနေဖြင့် အုပ်ချုပ်ရေးမှူးထံ စာရင်းပေးသွင်းရန်နှင့် အမျိုးသမီးများကိုလည်း စစ်မှုထမ်းရန် အတွက် အသက် ၁၈ နှစ်မှ ၃၅ နှစ်ရွယ်ကြား ခေါ်ယူရန်ရှိကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

AA ၏ စစ်မှုထမ်းစာရင်းတွင် အကျူံးဝင်သူများအနေဖြင့် ထွက်ပြေးတိမ်းရှောင်ခြင်းနှင့် ငြင်းဆန်ခြင်းမပြုလုပ်ကြရန် ညွန်ကြားထားသည်။

“ရှင်းလက်ဝကျေးရွာတစ်လျောက် ရွာတိုင်းအားလုံးလိုလို စစ်မှုထမ်းဖို့ ခေါ်မယ်ပြောပါတယ်။ အမျိုးသားတွေပြီးရင် အမျိုးသမီးတွေလည်းခေါ်မယ်ပြောတယ်။ အခုရွာထဲကလူတွေက ရွာမှာမနေရဲကြတော့ဘူး။ ထွက်ပြေးဖို့ပြင်ဆင်နေကြတယ်။ ထွက်ပြေးဖို့ကလည်း ရွာအဝင်အထွက်ပိတ်ထားတယ်။ စစ်မှုထမ်းဖို့ခေါ်တဲ့အခါ မလိုက်ရင် ထိပ်တုံးခတ်မယ်လို့
လည်းပြောသေးတယ်” ဟု ရှင်းလက်ဝကျေးရွာမှအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရှင်းလင်းဝကျေးရွာအဝင်အထွက်ကို AA မှ ခန့်ထားသည့်အုပ်ချုပ်ရေးမှူးက ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ပြန်လည်ဖွင့်ပေးမည်ဟုပြောဆိုသော်လည်း ယနေ့ထိ လွတ်လပ်စွာသွားခွင့်မရသေးဘဲ ကန့်သတ်ထားနေဆဲဖြစ်ကြောင်း သိရှိရသည်။

ပလက်ဝမြို့နယ် အရပ်သား ၅၂ဦး စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့်ပတ်သက်၍ AA ပြောခွင့်ရ ဦးခိုင်သုခကို ဧရာဝတီတိုင်းမ်က ဆက်သွယ်မေးမြန်းထားသော်လည်း လက်ခံဖြေကြားခဲ့ခြင်းမရှိပါ။

#ပလက်ဝမြို့နယ် #စစ်မှုထမ်းရန် #အရပ်သား၅၀ကျော် #AAခေါ်ဆောင်သွား #Ayeyarwaddy_Times