
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၆ ရက်
ဧရာဝတီတိုင်း၊ မြောင်းမြသားစာရေးဆရာ တစ်တောလုံးကြွေဝတ္ထုတိုများအပါအဝင် ရသစာပေ များစွာကိုရေးသားခဲ့သူ ဦးခင်ဝင်း (ခေါ်) မောင်ဒေါင်း အသက် (၇၆) နှစ်သည် အသည်းကင်ဆာ ဝေဒနာဖြင့် မြောင်းမြမြို့နယ်၊ ပြင်ရွာရှိ ၎င်းနေအိမ်၌ ယနေ့ နံနက် ၅ နာရီခန့်က ကွယ်လွန်သွားကြောင်း စာပေအသိုင်းအဝိုင်းထံက သိရသည်။
ကွယ်လွန်သူ စာရေးဆရာ မောင်ဒေါင်း၏ ရုပ်ကလပ်ကို နိုဝင်ဘာ ၂၈ ရက်နေ့ သောကြာနေ့ မွန်းတည့် ၁၂ နာရီတွင် မြောင်းမြမြို့နယ်၊ ပြင်ရွာနေအိမ်မှနေ၍ မြေချမည်ဖြစ် ကြောင်းသိရသည်။
ကဗျာဆရာ၊ စာရေးဆရာ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ မောင်ဒေါင်းသည် အသည်း ကင်ဆာ ရောဂါခံစားနေရသူဖြစ်ပြီး ညာဘက်မျက်စိမမြင်ရချိန်တွင် ဆေးကုရန်လိုအပ်သော်လည်း ငွေကြေးတတ်နိုင်ခြင်းမရှိ၍ ယင်းအတိုင်းပင်စာရေးသားခဲ့ရကြောင်း စာပေအသိုင်း အဝိုင်းထံက သိရသည်။
စာရေးဆရာမောင်ဒေါင်းသည် စာပေလက်ရာကောင်းများဖန်တီးရာတွင် အသေးစိတ်ရေးသားသူ စကားလုံးခံစားမှုအားကောင်းသူဖြစ်ပြီး မျက်စိတစ်ဖက်မမြင်ရ၍ စာပေရေးသားရာတွင် အခက်အခဲ ဖြစ်ခဲ့ရသော်လည်း ပြီးခဲ့သည့်နှစ်က မောင်ဒေါင်း၏ စာပေလက်ရာအဖြစ် လွမ်းတတ်သူများစာအုပ်ကို ရေးသားခဲ့သည်။
အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက် ရေးအဖွဲ့ (နဝတ) ၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရခေတ်တွင် မောင်ဒေါင်းကလောင်ကို ပိတ်ပင်ခံရသဖြင့် နောဧနွေလ ကလောင်နာမည်ခွဲသုံးကာ ရေးသားပြီးနောက် ၁၉၉၉ ခုနှစ်တွင် ပိတောက်ပွင့်သစ်မဂ္ဂဇင်း၌ မောင်ဒေါင်းကလောင်အမည်ဖြင့် ပြန်လည်ရေးခွင့် ရခဲ့ကြောင်းသိရသည်။
ဦးခင်ဝင်း (ခေါ်) မောင်ဒေါင်းသည် ၁၉၈၉ ခုနှစ် နိုဝင်ဘာမှ ၁၉၉၉ ခုနှစ်အထိ တစ်ချိန်က နာမည်ကြီးခဲ့ သည့် ပုဒ်မ (၅) ည ( ဗမာပြည်ကွန်မြူနစ်ပါတီ UG အဖြစ်စွပ်စွဲခံရမှု) ဖြင့် ထောင်ဒဏ် ခြောက်နှစ် ကျခံခဲ့ရသည်။
ကဗျာဆရာ၊ စာရေးဆရာမောင်ဒေါင်းကို ၁၉၅၀ ပြည့်နှစ်တွင်မွေးဖွားခဲ့ပြီး ၁၉၇၄ ခုနှစ်တွင် ရှုမဝမဂ္ဂဇင်း၌ ကဗျာရေးသားကာ ၁၉၈၂ ခုနှစ်တွင် ပထမဦးဆုံးဝတ္တု နှင်းငွေ့ဝေမှုန်ရင်ခုန်ခဲ့ရ ငါ့ဘဝ၌ ညပေါင်းများစွာ ရေသားခဲ့သည်။
၁၉၉၆ ခုနှစ်တွင် တစ်တောလုံးကြွေ ၊ ခေါ်သံများ (၂၀၁၃) ၊ မြရာပင်၌ ကြယ်များကြွေကျနေကြ၏ (၂၀၁၆) ၊ ငါးညမြောက်ခေါ်သံ (၂၀၁၇) ၊ အချစ်၊ မြစ်နှင့်လှေကလေးတွေ (၂၀၂၀) ၊ တယောပေါ်က အပေါက်များ (၂၀၂၂) တို့ကိုရေးသားခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် လွမ်းတတ်သူများ စာအုပ်ကို နောက်ဆုံးရေးသားခဲ့သည်။
၂၀၂၅ ခုနှစ်စပိုင်းတွင် စာပေနှင့် အနုပညာရှင်များကွယ်လွန်ရာ၌ မြန်မာစာပေရေးသားသင်ကြားသူ မောင်ခင်မင် ( ဓနုဖြူ) ၊ တေရေးတေးဆို မာရဇ္ဇ အပါအဝင် နိုင်(မြန်မာ)နှင့် မြန်မာတေးသီချင်းအဆိုတော် ခင်ညွန့်ရီ တို့ပါဝင်သည်။
ဓာတ်ပုံ – နှစ်ကာလများစာအုပ်တိုက်
#ကဗျာဆရာ #စာရေးဆရာ #မောင်ဒေါင်းကွယ်လွန် #မြောင်းမြသား #နိုင်ငံရေးအကျဉ်းသား #Ayeyarwaddy_Times