ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၆ ရက်

ထိုင်းနိုင်ငံ၊ ပရာချင်ဘူရီခရိုင်တွင် လေ့လာရေးခရီးထွက်လာသည့် ဘတ်စ်ကားတစ်စီးမှာ ကုန်းဆင်းလမ်း တစ်နေရာတွင် တိမ်းမှောက်ခဲ့ရာ ၁၈ ဦးသေဆုံးခဲ့ပြီး ၄၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါဘတ်စ်ကားသည် ယနေ့ ဖေဖော်ဝါရီ ၂၆ ရက် နံနက်အစောပိုင်း ၄ နာရီ ဝန်းကျင်က တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်းမှာ ကုန်းဆင်းပိုင်းတွင် အရှိန်မထိန်းနိုင်၍ လမ်းပေါ်မှ ကုန်းစောင်းသို့ ပြုတ်ကျကာ တိမ်း မှောက်ခဲ့ခြင်းဖြစ်သည်။

တိမ်းမှောက်ခဲ့သည့်ကားမှာ ဘွန်ကန်ခရိုင်မှ ရရောင်း သို့ လူ ၂၀၀ ခန့်ဖြင့် လေ့လာရေးခရီးထွက်လာသည့် ကား သုံးစီးအနက်မှ တစ်စီးဖြစ်ပြီး ထိုသို့ တိမ်းမှောက်ခဲ့ခြင်းကြောင့် ၁၇ ဦးမှာ နေရာတွင်ပင် သေဆုံးခဲ့ကာ တစ်ဦးမှာ ဆေးရုံသို့ ပို့ဆောင်ပြီးနောက် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

တိမ်းမှောက်သွားသည့် ဘတ်စ်ကားတွင် လိုက်ပါလာသူများမှာ ဘွန်ကန်ခရိုင်ရှိ ဖုန်ချာရွန်း မြို့တော်စည်ပင်သာယာရေးအဖွဲ့မှ စီစဉ်သည့် ရပ်ရွာအမှိုက်ဘဏ်ဖွံ့ဖြိုးရေး စီမံကိန်း၏ ငါး ရက်ကြာ လေ့လာရေးခရီးစဉ်တွင် လိုက်ပါလာကြသူများ ဖြစ်သည်။

အဆိုပါ ယာဉ်တိမ်း မှောက်မှုကိုဖြစ်စေသည့်အဓိက အကြောင်းအရင်းကို ရဲတပ်ဖွဲ့မှ စုံစမ်းနေ ကြောင်းလည်း ပြောဆိုထားသည်။

ဓာတ်ပုံ – The Nation
ကိုးကား – Bangkok Post
#Ayeyarwaddy_Times