ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၆ ရက်

ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ်တွင် ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်နှင့်ရဲများမှ အကြောင်းမဲ့ဖမ်းဆီး နှိပ်စက်သတ်ဖြတ် မှုကြောင့် အမျိုးသား နှစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူတစ်ဦးမှာ ရေကြည်မြို့နယ်မှ လေးမျက်နှာမြို့နယ်အစပ်သို့ ပြောင်းရွှေ့နေထိုင်သူတစ်ဦးကို စစ်ကောင်စီနှင့်ရဲများကဖမ်းဆီးပြီး ရိုးမ တောတွင်းသို့ လမ်းပြခိုင်းခြင်းဖြစ်ပြီး ဖေဖေါ်ဝါရီ ၂၁ ရက်နေ့က ပစ်သတ်ခဲ့ကြောင်း သိရသည်။

“သေဆုံးသွားသူက သာမန်ပြည်သူပါ။ တောထဲခေါ်သွားပြီး ခေါင်းကိုပစ်လိုက် တယ်ကြားတယ်၊ သူ့ရဲ့အမျိုးသမီးကလည်း မတရားစွတ်စွဲခံရပြီး ထောင်ကျနေသူပါ”ဟု ဧရာဝတီတိုင်း တော်လှန်ရေးအဖွဲ့များနှင့်နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်နေ့ကလည်းရေကြည်မြို့နယ် ၊ ကုန်းပြင်နယ်မြေရဲစခန်းတွင် လွန်ခဲ့သောနှစ်လခန့်က မသင်္ကာဟု ဆိုကာ ဖမ်းဆီးထားသောလူငယ် နှစ်ဦးမှ ရဲမင်းစိုး(ခ)ချင်းလေး ကို ရဲများမှ နှိပ်စက်ရာမှ စခန်းအတွင်းမှာပင် သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့် အသိုင်းအ၀န်းမှ သိရသည်။

ရေကြည်မြိုု့နယ်၊ ငါးသိုင်းချောင်းမြို့အမှတ်(၃၄၄)အမြောက်တပ်အနီးတွင် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှစတင်ပြီး အာရက္ခတပ်တော်AAပူးပေါင်းတပ်များနှင့်စစ်ကောင်စီတို့ တိုက်ပွဲ ဖြစ်ပွားနေသောကြောင့် တော်လှန်ရေးတပ်များ
ကျေးရွာများအတွင်း ဝင်ရောက်နိုင်သည်ဟုဆိုကာ စစ်တပ်နှင့်ရဲများက အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးကာနှိပ်စက်သတ်ဖြတ်နေခြင်းဖြစ်နိုင်ကြောင်း ဒေသခံများမှ သုံးသပ်ပြောဆိုသည်။

#ရေကြည်မြို့နယ် #ကုန်းပြင်ရဲစခန်း #ဖမ်းဆီးနှိပ်စက်မှုကြောင့် #အမျိုးသား၂ဦးသေဆုံး #Ayeyarwaddy_Times