(မလေးရှား)၊ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၆ ရက်

မလေးရှားနိုင်ငံတွင် တစ်ပတ်အတွင်း အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၆၀၀ နီးပါး ဖမ်းဆီးခံရကြောင့် မလေးရှားရောက် မြန်မာများထံက သိရှိရသည်။

ဖမ်းဆီးခံရသူများသည် မြို့တော် ကွာလမ်လာပူအပါဝင် ဆလန်ဂေါ၊ ဂျိုဟိုး၊ ပီနန်း၊ ကလန်တန်၊ ပါဟန်း စသည့်ပြည်နယ်တို့တွင် အလုပ်လုပ်ကိုင်နေကြသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများဖြစ်သည်။

အဆိုပါပြည်နယ်များတွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့ထိ တစ်ပတ်အတွင်း အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၆၀၀ နီးပါး ဖမ်းဆီးခံရသည်။

“အခုက နေရာတိုင်းမှာ ဖမ်းဆီးနေကြတာ။ အထူးသဖြင့် နိုင်ငံခြားသားတွေများတဲ့နေရာတွေပေါ့။” ဟု မလေးရှားအခြေစိုက် မြန်မာအဖွဲ့အစည်းဖြစ်သည့် Alliance of Chin Refugee(ACR) ဥက္ကဋ္ဌက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖေဖော်ဝါရီ ၂၂ရက်နေ့တွင် ဆလန်ဂေါပြည်နယ်၊ ကလန်းမြို့ရှိ မဲရူးကြီးဈေးတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသား ၅၃၀ ဦး ဖမ်းဆီးခံရသည်။

အလားတူ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကလည်း ဆလန်ဂေါပြည်နယ်နှင့် ဂျိုဟိုးပြည်နယ်ရှိ အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းစက်ရုံ ၁၂ ရုံကို မလေးရှားအာဏာပိုင်အဖွဲ့မှ ဝင်ရောက်စစ်ဆေးခဲ့ရာ မြန်မာအပါအဝင် အထောက်ထားမဲ့ နိုင်ငံခြား ၄၈၀ ဦး ဖမ်းဆီးခံရသည်။

ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများတွင် အမျိုးသမီးနှင့် အသက်မပြည့်သေးသည့် ကလေးများလည်းပါဝင်ကြောင့် လူမှုကူညီဆောင်ရွက်ပေးသူများထံက သိရှိရသည်။

“အရင်ရက်က မဲရူးစျေးမှာ ဖမ်းဆီးတုန်းက အသက်မပြည့်သေးတဲ့ကလေးတွေပါတယ်။ သူတို့အလုပ်လုပ်ရင်း အထောက်အထားမရှိလို့ ဖမ်းဆီးခံရတာပါ။ အလားတူပဲ ကလန်တန်ပြည်နယ်မှာ မလေးဘက်ဝင်ရောက်လာတဲ့ ကလေးတွေ၊ အမျိုးသမီးတွေ အဖမ်းခံရတယ်” ဟု လူမူကူညီဆောင်ရွက်ပေးသူ မြန်မာအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖမ်းဆီးခံရသူများကို မလေးရှား လူဝင်မှုကြီးကြပ်ရေးအဖွဲ့က လဝကဥပဒေဖြင့် ဖမ်းဆီးထောင်ချကာ ထောင်မှလွတ်လာသူများကို မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်မှုများ ပြုလုပ်ခဲ့ကြသည်။

“အရင်က ဖမ်းဆီးခံရသူတွေကို လေးလ၊ ခြောက်လလောက် ထောင်ချတယ်။ ပြီးရင် မြန်မာပြည်ပြန်ပို့တယ်။ အခုတော့ နှစ်ပတ်လောက်၊ သုံးပတ်နေရင် မြန်မာပြည်တန်းပို့တယ်” ဟု မလေးရှားရောက် မြန်မာနိုင်ငံသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မလေးရှားတွင် တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံသားများနှင့် သင့်မြတ်အောင်နေထိုင်သင့်ကြောင်းနှင့် မူးယစ်အရက်သောက်စားခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ ထုတ်ပြန်ထားသည့်ဥပဒေများကို မလိုက်နာခြင်းအတွက် ဖမ်းဆီးခံရမှု ပိုများနိုင်ကြောင်း သိရသည်။

ပုံစာ – ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်နှင့် ဆလန်ဂေါပြည်နယ်တွင် ဖမ်းဆီးခံရသည့်အထောက်အထား မဲ့နိုင်ငံခြားသားများကိုတွေ့ရစဥ်။

#မလေးရှား #တစ်ပတ်အတွင်း #အထောက်အထားမဲ့ #မြန်မာ၆၀၀နီးပါး #ဖမ်းဆီးခံရ #Ayeyarwaddy_Times