ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၆ရက်

စစ်ကောင်စီက အင်းစိန်ထောင်အတွင်းမှ လွတ်ရက်စေ့၍ လွတ်မြောက်လာသည့် မူဆလင် ၉၀၀ကျော်ကို စစ်တွေသို့ခေါ်ဆောင်သွားပြီးနောက် မူဆလင် လူငယ်၊ လူရွယ်များကို စစ်သင်တန်း ပေးနေကြောင်း သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ရက်နေ့က အင်းစိန်ထောင်မှ မူဆလင် ၉၁၆ ဦးကို စစ်တွေသို့ ခေါ်ထုတ်သွားပြီးနောက် လူငယ်၊ လူရွယ် ၁၀၆ဦးကို စစ်သင်တန်းပေးနေခြင်းဖြစ်ကြောင်း သိရသည်။

စစ်တွေ ဒေသဆိုင်ရာကွပ်ကဲမှုဌာနချုပ် ဒကစအတွင်း ခေါ်ဆောင်လာသည့် လူငယ်များကို ခလရ ၂၇၀အတွင်းသို့ပို့ဆောင်ပြီး စစ်သင်တန်းပေးနေပြီဖြစ်ကြောင်း သိရသည်။

“အင်အားလိုအပ်ချက်ရှိတာ မှန်တယ်။ ဒါပေမယ့် လူမျိုးရေးပဋိပက္ခဘက်ကိုပါ ရည်ရွယ်ပြီး မူဆလင် တွေကို ခေါ်ထုတ် စစ်သင်တန်းပေးနေတာ။ ပြီးရင် ရှေ့တန်းကိုတန်းပို့ခံရမှာပါ” ဟု စစ်တွေဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်လာသည့် အမျိုးသမီးနှင့် ကလေးများအပါအဝင် ၉၀၀ ကျော်ထဲမှ အသက် ၁၈ နှစ်မှ ၅၀ အတွင်းရှိ အမျိုးသားများကို ရွေးထုတ်ခေါ်ဆောင်သွားပြီး စစ်ကောင်စီက စစ်သင်တန်းပေးခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် စစ်တွေမြို့နယ်အတွင်းရှိ သဲချောင်း၊ သက္ကယ်ပြင်၊ ပလ္လင်ပြင်၊ ဒါးပိုင်၊ အုန်းတောကြီး၊ အုန်းတောငယ်၊ ဘုမေစသည့် မူဆလင်ကျေးရွာနှင့်ဒုက္ခသည်စခန်းများမှ မူဆလင်လူငယ် ၁၂၀ခန့် ကိုလည်း စစ်ကောင်စီက စစ်သင်တန်းပေးနေကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

စစ်ကောင်စီက စုဆောင်းထားသည့်လူငယ်များကို စစ်တွေဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ-ဒကစ) အရှေ့ရှိ လေ့ကျင့်ရေးကွင်းတွင် စစ်သင်တန်းပေးနေခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် ပြီးခဲသည့် ၂၀၂၄ခုနှစ်က ဖြစ်ပွားခဲ့သည့် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော တိုက်ပွဲများတွင်လည်း မူဆလင်လူငယ်များကို ဒုက္ခသည်စခန်းများမှ သွားရောက်ခေါ်ဆောင်ကာ စစ်သင်တန်းပေးပြီး တိုက်ခိုက်စေခဲ့သည်။

ပုံစာ – အာရက္ခတပ်တော် (AA) ထံ အလံဖြူထောင်ခဲ့သည့် မူဆလင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ (ပုံဟောင်း)

#စစ်တွေ #အင်စိန်ထောင် #လွတ်မြောက်မူဆလင်များ #စစ်ကောင်စီ #စစ်သင်တန်းပေး #Ayeyarwaddy_Times