ရုရှားနိုင်ငံနှင့် စာချုပ်လိုက်သည့် ထားဝယ် အထူးစီးပွား ရေးဇုန် ကိုပါကိုင်တွယ်ရမည်

နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၅ ရက်

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်း၏လူယုံတော်ကိုသာ ခန့်အပ်လေ့ရှိသော အထူးစီးပွားရေးဇုန် (SEZ) များကို ဦးဆောင်ကိုင်တွယ်ရန်အတွက် ဗိုလ်ချုပ်ကျော်ရွှေထွန်းအား နေရာ ပေး၍ခန့်အပ်လာကြောင်း စစ်ကောင်စီ ထုတ်ပြန်ချက်များနှင့် ဧရာဝတီတိုင်းမ် သတင်းအရင်း အမြစ်ထံက သိရသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် အထူးစီးပွားရေးဇုန်များအနက် ရန်ကုန်တိုင်း သန်လျင်မြို့ရှိ သီလဝါအထူးစီးပွားရေးဇုန်၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် တနင်္သာရီတိုင်း၊ ထားဝယ်မြို့ရှိ ထားဝယ်အထူးစီးပွားရေးဇုန် သုံးခုသာ တည်ရှိဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထိုဇုန်များကို အာဏာသိမ်း စစ်ခေါင်းဆောင်က ၎င်းတို့အာဏာ သက်ဆိုးရှည်ရေးအတွက် ဝင်ငွေရ လမ်းကြောင်းအဖြစ် ရည်ရွယ်ထားပြီး ဦးဆောင်ရန် လူယုံတော်ကိုသာ တာဝန်ပေး ခန့်အပ်လေ့ရှိသလို ထိုသူကို SEZ Boss (ဇုန်အကြီးအကဲ)၊ (Tzar) ဟု ခေါ်လေ့ရှိကြောင်း သိရသည်။

ယင်းအတွက် စစ်ခေါင်းဆောင်က ယခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် ၎င်းတို့၏ အာဏာသက်တမ်း ထပ်မံတိုးယူခြင်းနှင့်အတူ စစ်ဘက်တာဝန်များ အနား ပေး၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည့် ဗိုလ်ချုပ် ကျော်ရွှေထွန်းကို နေရာပေးလာကြောင်း သိရသည်။

“သူက ကျောက်ဖြူ SEZ boss, ထားဝယ်ကိုလည်း သူကိုင်ရမယ်လို့ ထင်တယ်။ ဦးဆောင်ကိုင်တွယ်ဖို့ ကျော်ရွှေထွန်းကို နေရာပေးလာတယ် ယူဆလို့ ရနိုင်ပါတယ်” ဟု အဆိုပါအကြောင်းအရာကို သိရှိ ထားသည့် ဧရာဝတီတိုင်းမ် သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

အဆိုပါ စီးပွား/ကူးသန်း ဒုဝန်ကြီး ဗိုလ်ချုပ် ကျော်ရွှေထွန်းသည် စစ်တက္ကသိုလ် အပတ်စဥ် (၃၀)ဆင်းဖြစ်ပြီး စစ်ကောင်စီက အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ် ၂၀ နှစ် ချမှတ်ခဲ့သည့် စစ်ဦးစီးအရာရှိချုပ်ဟောင်း ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် အပတ်စဥ်တူဖြစ်ကာ စစ်ခေါင်းဆောင် အလိုကျ နေထိုင်သူလည်းဖြစ်ကြောင်း သိရသည်။

စစ်တပ်လုပ်သက် နှစ် ၃၀ ကျော် တာဝန်ထမ်းဆောင်ပြီး ရာထူးအဆင့်ဆင့်တိုးကာ ဗိုလ်မှူးချုပ် အဆင့်ဖြင့် ကာကွယ်ရေးတက္ကသိုလ် ကျောင်းအုပ်ကြီး၊ ထိုမှတဆင့် ဗိုလ်ချုပ်ရာထူးဖြင့် တနင်္သာရီ အခြေစိုက် ရေတပ်စခန်းဌာနချုပ်၊ တောင်ပိုင်းရေတပ်ကွပ်ကဲမှု ဌာနချုပ်မှူးဖြစ်လာကြောင်း သိရသည်။

ထို့နောက် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်တွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အထူးအရာရှိတာဝန်၊ ထိုနှစ် နိုဝင်ဘာ ၂၀ ရက်တွင် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ၏ဥက္ကဋ္ဌအဖြစ် စစ်ကောင်စီက နေရာပေး တိုးမြှင့်ခဲ့ကြောင်း ၎င်းတို့ထုတ်ပြန်ချက်အရ သိရသည်။

ယင်းအပြင် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းအား ကာကွယ်ရန်အတွက် တရုတ်အစိုးရနှင့်အတူ ပူးတွဲဆောင်ရွက်မည့် လုံခြုံရေးအဖွဲ့၌လည်း ဗိုလ်ချုပ် ကျော်ရွှေထွန်းကို ဦးဆောင်စေကာ နောက်ဆုံးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီးအထိ ဖြစ်လာခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အထူးစီးပွားရေးဇုန် သုံးခုရှိသည့်အနက် သီလဝါကို ဂျပန်နိုင်ငံ (မြန်မာ-ဂျပန် သီလဝါ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက်-MJTD)နှင့် ကျောက်ဖြူအား တရုတ်နိုင်ငံပိုင် ကော်ပိုရေးရှင်း (CITIC)ကုမ္ဗဏီတို့က ရင်းနှီးမြှုပ်နှံမှု ရရှိထားပြီး ထား ဝယ် SEZ ကိုမူ စစ်ကောင်စီက ရုရှားနိုင်ငံနှင့် ယခုရက်ပိုင်းအတွင်း စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

သို့သော် ထားဝယ် အထူးစီးပွားရေးဇုန်ကြောင့် အဓိကပို၍ အကျိုးရှိနိုင်မည်မှာ ထိုင်းနိုင်ငံသာလျှင် ဖြစ်ပြီး ရုရှားနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှုကို ထိုင်းနှင့်အတူ ပေါင်းလုပ်ရနိုင်ဖွယ်ရှိသလို ဒေသတွင်း တည်ငြိမ်အေးချမ်းမှုရှိစေရန် လိုအပ် ချက်များရှိနေ၍ စစ်ကောင်စီ၏ အဆိုပါစီမံကိန်းမှာ စတင်ရန် ကြာမြင့်နိုင်ကြောင်း စောင့်ကြည့်သူများက သုံးသပ်သည်။

ဓာတ်ပုံ – အင်တာနက်
ပုံစာ – ဗိုလ်ချုပ် ကျော်ရွှေထွန်း မိသားစု၊ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထားဝယ်အထူးစီးပွားရေးဇုန်ကို သွားရောက်ကြည့်ရှုစဉ် (ပုံဟောင်း)
#စစ်ခေါင်းဆောင် #လူယုံတော် #အထူးစီးပွားရေးဇုန်များ #ဗိုလ်ချုပ်ကျော်ရွှေထွန်းကို #ရုရှားနိုင်ငံ #ထားဝယ်အထူးစီးပွားရေးဇုန် #Ayeyarwaddy_Times