
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၅ ရက်
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် စစ်ဆေးရုံမှ ကုသ၍မနိုင်တော့သည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို မင်္ဂလာဒုံစစ်ဆေးရုံသို့ ပရဟိတအသင်းများမှ ကား များဖြင့် ပို့ဆောင် ခိုင်းရန်စီစဉ်နေကြောင်း သိရသည်။
ရွှေတောင်မြို့နယ် အမှတ် (၆) တပ်မတော်ဆေးရုံ ခုတင် ၁၀၀ မှ ကုသ၍မနိုင်တော့သည့် ဒဏ်ရာပြင်းထန် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရန်ကုန်ရှိ မင်္ဂလာဒုံစစ်ဆေးရုံသို့ ပို့ဆောင်ပေးရန် ပရဟိတအသင်းများကို ခိုင်းစေထားကြောင်း ဒေသခံများထံက သိရသည်။
“ပို့ရင် စစ်ကားတွေသုံးလို့လည်းရနေတာကို ပရဟိတကားတွေ သုံးတာက လမ်းပိုင်းမှာ သူတို့လုံခြုံရေးကို စိုးရိမ်လို့နေမယ်။ သူတို့ကိုယ်တိုင် လမ်းပိုင်းတွေကို စိတ်ချလို့မရဘူးဖြစ်နေတယ် လို့မြင်တယ်။ စိုးရိမ်စိတ်ဖြစ်နေတာပေါ့”ဟု ပြည်မြို့နေ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြည်မြို့ရှိ ဒေသကွပ်ကဲမှုဆိုင်ရာ စစ်ဌာနချုပ် (ဒကစ-ပြည်)အတွင်းတွင် ပရဟိတအသင်းများကို ခေါ်ယူပြီး စစ်သားလူနာများကိုရန်ကုန်သို့ ပရဟိတကားများဖြင့် ပို့ဆောင်ပေးရန် ပြည်ခရိုင်အတွင်းရှိ အဖွဲ့ ၃၀ နီးပါးကို ခေါ်ယူပြောဆိုခဲ့ကြောင်း ဒို့ပြည်ဒေသတွင်း သတင်းရင်းမြစ်က ဖော်ပြထားသည်။
ရွှေတောင်စစ်ဆေးရုံတွင် ရှေ့တန်းပြန် ဒဏ်ရာရလူနာ များ များပြားနေသည့်အတွက် ဆေးရုံမဆန့် တော့သည့်အပြင် ပြင်း ထန်ဒဏ်ရာရရှိသည့် လူနာများကို မကုနိုင်သည့်အတွက် မင်္ဂလာဒုံစစ်ဆေးရုံသို့ ခွဲ၍ပို့ ဆောင်နေရခြင်းဖြစ်ကြောင်း သိရသည်။
ရခိုင်နှင့် ပဲခူးတိုင်းအစပ်တွင် တိုက်ပွဲများဖြစ်ပွားလာပြီး စစ်ကောင်စီအင်အား ရာနှင့်ချီ၍ ထိခိုက် သေဆုံးမှု များရှိနေခဲ့ပြီး ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်နှင့်ရွှေတောင်ဆေးရုံများသို့ ပို့ဆောင်နေရပြီး ယခုအခါတွင် တိုက်ပွဲမှဒဏ်ရာရလူနာများ များပြားကာ ဒဏ်ရာပြင်းထန်သည့်အတွက် ရန်ကုန်သို့ပို့ဆောင် ရာတွင် လုံခြုံရေးအရ ပရဟိတအသင်းကားများကို သုံးရန်စီစဥ်လာခြင်းဖြစ် ကြောင်း သိရသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်နေ့ ၁၀ နာရီ၃၀မိနစ်ခန့်က ပေါက်ခေါင်းမြို့နယ်ရှိ ကျေးရွာများကို စက်တပ်လေထီးများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသ ခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အဆိုပါ ထိခိုက်ဒဏ်ရာရသူများကို ပရဟိတအသင်းများအား ဆက်သွယ်၍ ဆေးရုံ၊ ဆေးခန်းများသို့ ပို့ ဆောင်ကူညီရန် ကြိုးစားခဲ့သော်လည်း အသင်းအဖွဲ့များမှာ ချိတ်ဆက်၍မရကြောင်း ဒေသခံများထံမှ သိရသည်။
စစ်တပ် အာဏာသိမ်းပြီးနောက် စစ်တပ်က ပစ်ခတ်ဗုံးကြဲ၍ ဒဏ်ရာရရှိသူများကို ကူညီသည့် ပရဟိတအသင်းများ၏ ကားများကို သိမ်းကာ အသင်းသူ၊ အသင်းများကို ရိုက်နှက်ပြီး အသင်းရုံး များကိုပါ ဖျက်ဆီးခဲ့သည်။
လက်ရှိတွင် ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့ နယ်အတွင်း တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီသည် ၎င်းတို့၏ ပြည်ဒကစနှင့် ကပစစက်ရုံများအတွက် အထူးပင်စိုးရိမ်နေကြောင်း သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက မကွေးဘက်မှနေ၍ သံချပ်ကာ ယာဉ်သုံးစီး အောင်လံမြို့ကိုဖြတ်ကာ ဒကစ-ပြည်သို့ ရောက်ရှိနေပြီး အဆိုပါယာဉ်များကို ပြည်ဒကစအတွက် လုံခြုံရေးယူ အင်အားတိုးချဲ့ထားသလို အရေးပေါ်စစ်အင်အားလိုအပ်နေသည့် ညောင်ကျိုးနှင့် ညောင်ခြေထောက်သို့ ပို့ဆောင်ရန်စီစဉ် နေကြောင်း တပ်သတင်းရင်းမြစ်ထံက သိရသည်။
ပုံစာ- ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို စစ်ကောင်စီခန့်ဝန်ကြီးချုပ် လာရောက်ကြည့်ရှုစဉ် (ပုံဟောင်း)
#ပဲခူး #ပြည် #ရွှေတောင် #စစ်ဆေးရုံ #စစ်ကောင်စီတပ်သား #လူနာ #မင်္ဂလာဒုံ #ပြောင်းရွှေ့ #ပရဟိတအသင်း #Ayeyarwaddy_Times