
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၅ ရက်
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ညောင်ကျိုး စခန်း၏ ကာကင်းစခန်းတစ်ခုဖြစ်သည့် နတ်တောင် တာဝါတိုင်စခန်းကုန်းကို အာရက္ခတပ်တော် (AA) နှင့်ပူးပေါင်းတပ်က သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
အလုံးစုံပိတ်ဆို့ ထိန်းချုပ်ခံထားရသည့် နတ်တောင်ကာကင်းစခန်းကို ယမန်နေ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် AA က ဝင်ရောက်သိမ်းပိုက်လိုက်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။
“ရိက္ခာနဲ့ ရေပြတ်သွားတာ ရက်က အတော်ကြာပြီ။ ငတ်တဲ့ဒဏ်ကို မခံနိုင်တော့ဘဲ ထွက်ပြေးကုန် ကြတာ။ ညောင်ကျိုးဘက် သွားပူးပေါင်းတဲ့သူတွေလည်း ရှိတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
နတ်တောင်တာဝါတိုင်စခန်း အသိမ်းခံရချိန်တွင် လက်နက်များ ပစ်ထားခဲ့ပြီး ကစဉ့် ကလျား ထွက်ပြေးသူများရှိသလို စခန်းအတွင်း ပိတ်မိသေဆုံးနေသူများလည်းရှိကြောင်း တပ်သတင်းရင်း မြစ်ထံက သိရသည်။
နတ်တောင်ကာကင်းစခန်းကို ပုဂံကွဲစခန်းကို သိမ်းယူပြီးနောက် AA က ပိတ်ဆို့ထိန်းချုပ်ထားရာ စခန်းအတွင်းသို့ ရိက္ခာနှင့်လက်နက်ခဲယမ်းများ ပို့ဆောင်နိုင်ခြင်းမရှိသည့်အတွက် စခန်းအတွင်း စစ်ကောင်စီ တပ်သားများ ပိတ်မိပြီး အစာရေစာပြတ်လပ်ကာ သေဆုံးသူများလည်းရှိကြောင်း သိရသည်။
ထို့အပြင် စခန်းအပြင်ထွက်၍ ညောင်ကျိုးစခန်းဘက်သို့ စစ်ကူနှင့် ရိက္ခာထွက်ယူသည့်တပ်များကို AA သည် တာဝါတိုင်အောက်ချိုင့်မှနေ၍ စနိုက်ဘာဖြင့်ပစ်ခတ် တိုက်ခိုက်သည့်အတွက် စစ်ကောင်စီ တပ်ဖွဲ့များ စခန်း အတွင်းမှ မထွက်နိုင်ဘဲ ပိတ်မိနေခဲ့ကြောင်း သိရသည်။
AA သည် နတ်တောင်စခန်းကိုပိတ်ပြီး ညောင်ကျိုးကို ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်ကောင်စီသည် ညောင်ကျိုးအထိုင်စခန်း တိုက်ပွဲသို့ စက်တပ်လေထီးနှစ်စီးနှင့် လာရောက်ကြဲချတိုက်ခိုက်ရာတွင် ပစ်ချတိုက်ခိုက်နိုင်ခဲ့ပြီး စက်တပ်လေထီးမောင်းနှင်လာသည့် ဗိုလ်အဆင့်တစ်ဦး၏ အလောင်းကို ရရှိထားကာ ကျန်တစ်ဦးမှ အမြင့်မှနေ၍ အရှိန်နှင့်ပြုတ်ကျသေဆုံးသွားကြောင်း စစ်ရေးသတင်း ရင်းမြစ်ထံက သိရသည်။
ညောင်ကျိုးတိုက်ပွဲသို့ ဒရုန်းဗုံးများလာရောက်ကြဲချသည့် ဒရုန်းလေးစီးထက်မနည်းကိုလည်း AA က ပစ်ချတိုက်ခိုက်နိုင်ခဲ့ပြီး လက်ရှိတွင် ညောင်ကျိုး၏ ကာကင်းစခန်းကုန်းဖြစ်သည့် နတ်တောင်တာဝါတိုင် စခန်းကုန်းကျပြီးနောက် ညောင်ကျိုး လက်နက်ကြီးအထိုင်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထွက်ပြေးမှုများရှိကြောင်း သိရသည်။
ညောင်ကျိုးလက်နက်ကြီးအထိုင်စခန်းလည်း အင်အားချိနဲ့နေပြီး အမှတ်(၆) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၆) ရှိရာ ညောင်ခြေထောက်မှနေ၍ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေရပြီး ညောင်ကျိုးစခန်း ကျသွားပါက ကပစ စက်ရုံများအတွက် အခြေအနေစိုးရိမ်ရကြောင်း သိရသည်။
ဓာတ်ပုံ-အာရက္ခတပ်တော် (AA)
#ပဲခူး #ပြည် #ပန်းတောင်း #ညောင်ကျိုး #ကာကင်းစခန်း #နတ်တောင်တာဝါတိုင်ကုန်း #AAသိမ်းပိုက် #Ayeyarwaddy_Times