
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၅ ရက်
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျောက်ခွက်ရေနံမှော်ဒေသ၊ ဆုံကုန်းရွာဘုန်းကြီးကျောင်းတွင် မင်္ဂလာပွဲပြု လုပ်နေစဉ် စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးများဖြင့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဆုံကုန်းရွာဘုန်းကြီးကျောင်းတွင် မင်္ဂလာပွဲကျင်းပနေစဉ် စစ်ကောင်စီသည် ယနေ့ ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးများဖြင့် နှစ်ကြိမ်လာရောက်ကြဲချတိုက် ခိုက်ခဲ့သည့်အတွက် ပြည်သူ ၁၀ ဦးကျော်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း သိရသည်။
“ဗုံးထပ်လာကြဲမှာဆိုးလို့ ရှောင်ရတာရယ်၊ အဆောက်အဦပေါ် တည့်တည့်ထိသွားလို့ ဒဏ်ရာရတဲ့သူနဲ့ သေတဲ့သူတွေ ကယ်ထုတ်နေရတုန်းမို့ တိတိကျကျတော့ သေတဲ့စာရင်းမသိရသေးဘူး။ ၁၀ ယောက်တော့ကျော်တယ်။ ဒဏ်ရာရတဲ့သူက ၂၀ နီးပါးရှိတယ်”ဟု ဒေသတော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီကြဲချတိုက်ခိုက်သည့် ပေါင် ၅၀၀ ဗုံးများမှာ ဘုန်းကြီးကျောင်းနှင့် မင်္ဂလာပွဲအတွက် ချက်ပြုတ်ရာနေရာသို့ တည့်တည့်ကျရောက်ထိမှန်ပေါက် ကွဲခဲ့သည့်အတွက် ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများကို ဆွဲထုတ်ကယ်ဆယ်နေရကြောင်း သိရသည်။
စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်သည့် ရွာဘုန်းကြီးကျောင်းရှိ မင်္ဂလာပွဲကို ဦးတည်တိုက်ခိုက်ခဲ့ ခြင်းသည် အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ပြည်သူလူထုကို ပစ်မှတ်ထားဗုံးကြဲ တိုက်ခိုက်မှုများ လုပ်ဆောင်နေသည့်အတွက် ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်ကို သတိထားကြရန်နှင့် လူစုလူဝေးလုပ်ဆောင်ခြင်းမပြုကြရန် ဒေသတော်လှန် ရေးတပ်ဖွဲ့များက သတိပေးထားသည်။
စစ်ကောင်စီသည် ယခုနောက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲခြင်းအပြင် စက်တပ်လေထီးများသုံး၍ ပြည်သူကို အနီးကပ် ပစ်ခတ်သတ်ဖြတ်မှုများကိုပါ ဆက်တိုက်ပြု လုပ်လာကြောင်း သိရသည်။
ပုံစာ- ဆုံကုန်းရွာဘုန်းကြီးကျောင်းတွင် မင်္ဂလာပွဲပြု လုပ်နေစဉ် စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးများဖြင့် ကြဲ ချတိုက်ခိုက်ခဲ့ပြီးနောက် မြင်တွေ့ရစဉ်
#မကွေး #မြိုင် #ကျောက်ခွက်ရေနံမှော် #ဆုံကုန်းရွာ #ဘုန်းကြီးကျောင်း #မင်္ဂလာပွဲ #စစ်ကောင်စီ #ဗုံးကြဲ #Ayeyarwaddy_Times