
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၅ ရက်
စစ်ကောင်စီ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ခေါင်းဆောင်များဖြစ်သော ဗိုလ်မှူးကြီး စောချစ်သူ (ခ) စံမြင့်၊ ဗိုလ်မှူးတင်ဝင်းနှင့် ဒုဗိုလ်မှူးကြီး မုတ်သုန်တို့ သုံးဦးကို လူကုန်ကူးမှုဖြင့် ဖမ်း၀ရမ်းထုတ်ရန် ထိုင်းအစိုးရအား Justice for Myanmar (JFM)က ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်တွင် တိုက်တွန်းကြောင်း ထုတ်ပြန်ခဲ့သည်။
ထိုအတွက် အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI)က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး ဖမ်းဝရမ်း ထုတ်နိုင်ရန် လုပ်ဆောင်နေသည်ကိုလည်း JFM က ကြိုဆိုကာ ထိုင်းအစိုးရအနေဖြင့် ယင်းလုပ်ငန်း စဉ်အား အမြန်လုပ်ဆောင်ရန်နှင့် တရားရုံး၌ ဖမ်းဝရမ်းများ လျှောက်ထားရန် ယင်းသို့ တိုက်တွန်း ခြင်းဖြစ်ကြောင်း သိရသည်။
“အခုချိန်မှာ ထိုင်းအစိုးရအနေနဲ့ ဖမ်းဝရမ်းလျှောက်ထားပြီး လိုက်ပါလုပ်ဆောင်ဖို့ လိုအပ်တယ်။ ဒါက BGF ရဲ့ ရာဇဝတ်မှုတွေမှာ ထိခိုက်နစ်နာခဲ့ရသူတွေအတွက် တာဝန်ခံမှုပေးနိုင်ဖို့ မဖြစ်မနေလုပ်ဆောင် ရမယ့် ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်” ဟု JFM ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။
မကြာမီရက်ပိုင်းအတွင်းက ငွေလိမ်ခြံကြီးများအတွင်း ပိတ်မိနေခဲ့ကြသည့် ရာနှင့်ချီသော အလုပ်သမား များကို ထိုင်းနိုင်ငံထံ လွှဲပြောင်းပေးအပ်ပြီး ၎င်းတို့က ကြိုဆိုလက်ခံပေးခဲ့သော်လည်း စိုးရိမ် ပူပန်နေကြသည့် သက်ဆိုင်သူများအနေဖြင့် အပြီးတိုင် ဖျက်သိမ်းနိုင်ရေး ဆက်လက်တွန်းအား ပေးနေဆဲ ဖြစ်ကြောင်း JFM ကဆိုသည်။
ယင်းအပြင် ဆိုက်ဘာငွေလိမ်လုပ်ငန်း နယ်ပယ်တွင် BGF ၏ ပါဝင်ပတ်သက်မှု အတိမ်အနက်ထုသည် အခြေအနေများ ငြိမ်သက်သွားရုံ ရေတိုလုပ်ဆောင်ပြမှုလောက်ဖြင့် ၎င်းတို့ကို တရားစီရင်မှုမှ လွတ်မြောက်ခွင့်မပေးသင့်ကြောင်း ပြသနေသည်ဟု JFM ၏ ထုတ်ပြန်ချက်အရ သိရသည်။
BGF ခေါင်းဆောင်များနှင့် မိသားစုဝင်များအနေဖြင့် မြေထိန်းချုပ်မှု၊ အိမ်ခြံမြေလုပ်ငန်းများတွင် တိုက်ရိုက်ပိုင်ဆိုင်မှု၊ အခွန်၊ လုံခြုံရေး၊ မှောင်ခိုလုပ်ငန်း၊ လူကုန်ကူးမှုနှင့် လူသုံးကုန် ရောင်းချမှုများ မှတဆင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်လုပ်ငန်းမှ အကျိုးအမြတ်များ ရရှိနေသည်ကိုလည်း JFM က ဖော်ထုတ်ထားကြောင်း သိရသည်။
ထို့အပြင် BGF ခေါင်းဆောင် ဗိုလ်မှူးကြီးချစ်သူနှင့် သားသမီးများသည် ကရင်နယ်ခြားစောင့်တပ်ကုမ္ပဏီ ကိုး ခုတွင် စုပေါင်းပိုင်ဆိုင်ထားကြပြီး ရာဇဝတ်လုပ်ငန်းများမှ အကျိုးအမြတ်များ ရရှိနေကြောင်း သိရသည်။
ယင်းမိသားစု၏ ပိုင်ဆိုင်မှုများတွင် Myanmar Apolo International Investment Company Limited (Apollo Park) နှင့် Yulong Bay Resort Tourism Development Company Limited (Yulong Bay Park) တို့မှတဆင့် အနည်းဆုံးအနေဖြင့် နာမည်ဆိုးဖြင့်ကျော်ကြားသော ဆိုက်ဘာငွေလိမ် လုပ်ငန်း ခြံကြီးနှစ်ခုတွင် ရှယ်ယာများလည်း ပါဝင်ကြောင်း သိရသည်။
ထို့အတူ ဗိုလ်မှူး တင်ဝင်းသည် ကရင်နယ်ခြားစောင့်တပ်ကုမ္ပဏီများဖြစ်ကြသည့် Shwe Myint Thaung Yinn Holdings Limited နှင့် Shwe Myint Thaung Yinn Industry & Manufacturing Company Limited တို့ကို ၎င်း၏ ဇနီးဖြစ်သူ နန်းမြင့်မြင့်ဝင်းနှင့် ပူးတွဲထိန်းချုပ်ထားကြောင်း JFM က ဆိုသည်။
အဆိုပါ Shwe Myint Thaung Yinn Industry & Manufacturing Company Limited သည် ထိုင်းနိုင်ငံပိုင် ခရိုင်လျှပ်စစ်အာဏာပိုင်အဖွဲ့ (PEA)ထံမှ စွမ်းအင်တင်သွင်းရန် စာချုပ်ချုပ်ဆိုထားပြီး မြဝတီမြို့နယ်အတွင်းရှိ ဆိုက်ဘာငွေလိမ်စင်တာများနှင့် အွန်လိုင်းကာစီနို လုပ်ငန်းများကို လျှပ်စစ်စွမ်းအင် ပေးအပ်လျက်ရှိကြောင်း သိရသည်။
ရွှေမြစ်သောင်ရင်းကုမ္ပဏီသည် PTT ထံမှ ရေနံများကိုလည်း ဝယ်ယူရောင်းချမှု လုပ်နေပြီး ယင်းက ထိုင်းနိုင်ငံပိုင် လုပ်ငန်းစုကြီးအား ၎င်းတို့၏ ရာဇဝတ်လုပ်ငန်းများတွင် ကြံရာပါ ပတ်သက်စေသဖြင့် BGF ခေါင်းဆောင်များအား ဖမ်းဝရမ်းထုတ်ခြင်းအပြင် ဆက်နွယ်သူများပါ တရားစွဲလိုကြောင်း သိရသည်။
ထို့အပြင် ၎င်းတို့၏ မိသားစုဝင်များ၊ စီးပွားမိတ်ဖက်များ၊ နယ်ခြားစောင့်တပ်ဖွဲ့၏ မြန်မာစစ်တပ်မှ တပ်မှူးများ၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်လုပ်ငန်းများကို အားပေးကူညီပြီး အကျိုးအမြတ်ရရှိနေသည့် ထိုင်းကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များအပေါ် ရာဇဝတ်ဆိုင်ရာ တရားစွဲဆိုမှုများ တိုးချဲ့လုပ်ဆောင် သင့်ကြောင်း JFM က ဆိုသည်။
ပုံစာ-BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ (ခ) စံမြင့်၊
#ကရင်နယ်ခြားစောင့်တပ်ဖွဲ့ #BGFခေါင်းဆောင်များ #လူကုန်ကူးမှု #ဖမ်း၀ရမ်းထုတ် #ထိုင်းအစိုးရ #JusticeforMyanmar #Ayeyarwaddy_Times