
(ဟားခါး)၊ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၅ ရက်
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ Halta ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်သည့်အတွက် ကလေးငယ်နှစ်ဦး အပါအဝင် အရပ်သားပြည်သူ ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ဟားခါးမြို့နှင် မိုင် ၇၀ ခန့် ဝေးပြီး ဟားခါး – မှန်တော ကြားလမ်းမပေါ်တွင် တည်ရှိသည့် Halta ကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းမရှိပဲ ဖေဖော်ဝါရီလ ၂၄ ရက်၊ နေ့လယ် ၁ နာရီအချိန်တွင် လေကြောင်းမှတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ဗုံးကြဲတာက ရွာမှာ လူတွေမရှိတဲ့အချိန်ဖြစ်နေတဲ့အတွက် ထိခိုက်မှုနည်းပြီး သေဆုံးမှု မရှိဘူးပေါ့။ ရွာထဲမှာ ထူးခြားတာမရှိဘဲ ပုံမှန်အခြေအနေမျိုးမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာပါ။ ဗုံးသီး နှစ်လုံးကြဲသွားပါတယ်။ လူ ငါးယောက်လောက် ဒဏ်ရာရတယ်” ဟု ဟားခါးဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်၏ လေကြောင်း ဗုံးကြဲ တိုက်ခိုက်သည့်အတွက် Pu Dawt Uk နှင့် ဇနီးဖြစ်သူ၊ ကလေးနှစ်ဦးအပါအဝင် လေးဦးနှင့် နောက်ထပ် အရပ်သားတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင့် ၎င်းက ဆက်ပြောသည်။
ထို့အပြင် Pu Dawt Uk နှင့် Pu Tial Uk တို့၏ နေအိမ်မှာ လုံးဝ ပျက်စီးသွားခဲ့ပြီး နောက်ထပ် နေအိမ် နှစ်လုံးကလည်း အနည်းငယ်ပျက်စီးသွားသည်။
စစ်ကောင်စီတပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုအပြီးတွင် Halta ကျေးရွာမှ ဒေသခံပြည်သူများသည် စစ်ကောင်စီတပ်မှ နောက်ထပ် ဗုံးကြဲတိုက်ခိုက်မည်ကို စိုးရိမ်နေသည့်အတွက် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။
#ဟားခါးမြို့နယ် #စစ်ကောင်စီ #လေကြောင်းဗုံးကြဲ #ကလေး၂ဦးအပါအဝင် #၅ဦးထက်မနည်းဒဏ်ရာရ #Ayeyarwaddy_Times