(ချင်း)၊ ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၅ ရက်

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ လင်းတဲကျေးရွာရှိ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်မှ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့အတွက် ချင်းအမျိုးသား နှစ်ဦးသေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အရှိုချင်းကာကွယ်ရေးတပ်ထံက သိရှိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့၊ နေလယ်အချိန်တွင် အမ်း-ပဒါန်း ကားလမ်းမပေါ်ရှိ လင်းတဲကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးသီးနှစ်လုံးကြဲချခဲ့ခြင်း ဖြစ်သည်။

“နတ်ရေကန်စခန်းအောက်မှာရှိတဲ့ရွာပါ။ တိုက်ပွဲဖြစ်တော့ နတ်ရေကန်စခန်းကနေ လက်နက်ကြီးကျည်တွေ ပစ်တယ်။ လေကြောင်းတွေ တိုက်ခိုက်တယ်။ အဲ့လိုအခြေအနေမျိုးမှာ ရွာသားတွေက အိမ်မှာမနေရဲတော့ဘဲ ဘုန်းကြီးကျောင်းမှာစုနေကြတယ်။ ဘုန်းကြီးကျောင်းဆိုတော့ လက်နက်ကြီးတွေ၊ လေကြောင်း တိုက်ခိုက်တာတွေ ရှောင်ကြမယ်အထင်နဲ့ရွာသားတွေ အဲ့မှာ သွားစုနေကြတယ်။ ရွာသားတွေစုနေတဲ့ဘုန်းကြီးကျောင်းကိုပဲ ဗုံးတစ်လုံးကြဲချသွားတယ်။နောက်တလုံးက ရွာအပြင်ဘက်မှာ ကျပေါက်ကွဲတယ်” ဟု အရှိုချင်းကာကွယ်ရေးတပ်၍ ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ချင်းအမျိုးသား နှစ်ဦးသေဆုံးပြီး ကလေးနှင့် အမျိုးသမီးအပါအဝင် ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လင်းတဲကျေးရွာသည် အမ်း-ပဒါန်းကားလမ်းပေါ်တွင် တည်ရှိပြီး အိမ်ခြေ ၁၀၀ ခန့်ရှိကာ ချင်းလူမျိုးများနေထိုင်သည့် ကျေးရွာဖြစ်သည်။

ယမန်နေ့ညနေထိ နတ်ရေကန်စခန်းအနီးအနားရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်၏ လေယာဥ်များပျံဝဲနေသည့်အတွက် နောက်ထပ်ဗုံးကြဲတိုက်ခိုက်မည်ကို ဒေသခံများက စိုးရိမ်နေကြရသည်။

“အခုအချိန်က ကော်ဖီခူးတဲ့ ရာသီဖြစ်တဲ့အတွက် ပစ်ထားလို့မရဘူး။ ဒီနှစ်က ကော်ဖီစျေးကလည်း ကောင်းတယ်။ အဲဒါကြောင့် ရွာသားတွေက ထွက်ပြေးတိမ်းရှောင်တာ မလုပ်ကြဘူး။ အခုရက်ပိုင်း လေယာဥ်တွေခဏခဏလာနေတယ်။ အခင်းထဲလည်းမသွားရဲတော့ဘူး။ မနေ့ကဆို ရွာမှာ လေကြောင်း တိုက်ခိုက်သွားတယ်။ ညနေပိုင်းမှာလည်း လေယာဥ်တွေထပ်လာနေသေးတယ်။ ဗုံးထပ်ကြဲမလားမသိဘူး။ စိုးရိမ်နေရတယ်။ အခုအနေထားနဲ့ဆိုရင် ရှောင်ရမယ်ထင်ပါတယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ကလည်း ငဖဲမြို့နယ်၊ ဆားပေါက်တောင်ကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစ်စီးဖြင့် လေကြောင်းမှ နှစ်ကြိမ်ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အတွက် ချင်းလူမျိုး ဇနီးမောင်နှံ နှစ်ဦး သေဆုံးကာ လေးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

#ငဖဲမြို့နယ် #ချင်းရွာ #လေကြောင်းတိုက်ခိုက်ခံရ #အမျိုးသား၂ဦးသေဆုံး #၁၀ဦးထက်မနည်းဒဏ်ရာရ
#Ayeyarwaddy_Times