နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၄ ရက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် ခံစစ်ပြင်နေရသည့် စစ်ကောင်စီက အာဏာ သိမ်းပြီးနောက် ထပ်မံချုပ်ဆိုထားသော အထူးစီးပွါးရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း စီမံကိန်းအား လက်ရှိတိုင် အကောင်အထည် မဖော်နိုင်သေးသော်လည်း တရုတ်သဘောကျ ဟန်ပြဆွေးနွေးခဲ့ကြောင်း စောင့်ကြည့်နေသူ နှင့် ဒေသခံများထံက သိရသည်။

စစ်ကောင်စီသည် ကျောက်ဖြူအထူးစီးပွါးရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းတို့အား အောင်မြင်စွာ အကောင် အထည်ဖော်နိုင်ရေးအတွက် ယခုရက်အတွင်းက နေပြည်တော်တွင် ၎င်းတို့လက်အောက်ခံ ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီတာဝန်ရှိသူများနှင့် အစည်းအဝေး ပြုလုပ်၍ ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ ဝါဒဖြန့် သတင်း စာများအရ သိရသည်။

အဆိုပါစီမံကိန်းများသည် လက်ရှိထိတိုင် အကောင်အထည် ဖော်ဆောင်နိုင်ခြင်း မရှိသေးဘဲ ယခင် အစိုးရလက်ထက်က ချုပ်ဆိုထားသော အခြေအနေမျိုးသာရှိပြီး မြေပြင်တွင်မူ စစ်ကောင်စီက လယ်ယာသိမ်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း ကျောက်ဖြူစီမံကိန်းများ လေ့လာစောင့်ကြည့်နေသူ စာရေးဆရာ ဝေဟင်အောင်က ဆိုသည်။

“ဒါကဟန်ပြလုပ်တဲ့ အစည်းအဝေး၊ အလုပ်မရှိ ကြောင်ရေချိုးပေးသလိုပေါ့။ လက်ရှိအခင်း အကျင်းအရ ဒီစီမံကိန်းက ဖြစ်လာဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ဘာကြောင့်လဲဆို ဒီစီမံကိန်းရဲ့ နေရာ အများစုဟာ စစ်ကောင်စီ လက်အောက်မှာ မရှိတော့ဘူး။ အာရက္ခတပ်တော်က ထိန်းချုပ်ထားတယ်” ဟု စာရေးဆရာ ဝေဟင်အောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

တရုတ်နိုင်ငံက ဖော်ဆောင်နေသည့် ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်း(BRI)တွင် ပါဝင်သော ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် ရေနက်ဆိပ်ကမ်း စီမံကိန်းတို့ကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၅ ရက်က တရုတ်နိုင်ငံပိုင် ကော်ပိုရေးရှင်း (CITIC)ကုမ္ဗဏီနှင့် နှစ်နိုင်ငံအကြား သဘောတူစာချုပ် စတင်ချုပ် ဆိုခဲ့ကြောင်း သိရသည်။

ယင်းနောက် ထိုနောက်ဆက်တွဲ စာချုပ်ကို အာဏာသိမ်းပြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်တွင် စစ်ကောင်စီနှင့် တရုတ်ကုမ္ပဏီ CITIC အကြား ထပ်မံလက်မှတ် ရေးထိုးခဲ့ပြီး Long Stop Date အား (၁၈) လကာလ သက်တမ်းတိုးခဲ့ရာ လာမည့်ဇွန်၌ ပြည့်မည်ဖြစ်သော်လည်း လက်ရှိအထိ စတင်နိုင်စွမ်း မရှိသေးကြောင်း သိရသည်။

ထို့ကြောင့် တရုတ်အစိုးရ တာဝန်ရှိသူများက လုပ်ငန်းစတင် လည်ပတ်နိုင်ရန်အတွက် စစ်ကောင်စီကို ဖိအားပေး တိုက် တွန်းမှုများ ရှိနေသဖြင့် နေပြည် တော်တွင် ပြုလုပ်ခဲ့သော အစည်းအဝေးသည် တရုတ်အစိုးရ သဘောကျအောင် ဟန်ပြဆွေးနွေးပြခြင်းဖြစ်ကြောင်း ဒေသခံများနှင့် ရခိုင်စစ်ရေး လေ့လာသူတို့က သုံးသပ်ထောက်ပြသည်။

“သူတို့(စစ်ကောင်စီ)စီမံနေတဲ့ ဒီအသစ်လုပ်မယ့် ပရောဂျက်ကတော့ လုံးဝမဖြစ်နိုင်ဘူး။ အကယ်၍ လုပ်ချင်တယ်ဆိုရင် စစ်ကောင်စီရယ်၊ အာရက္ခတပ်တော်ရယ် ဟိုဖက်မှာရှိတဲ့ တရုတ်ကုမ္ပဏီ CICT တို့နဲ့ သဘောတူညီချက်ရမှ လုပ်လို့ရမယ်လို့ မြင်တယ်” ဟု နိုင်/ကျဉ်းဟောင်း စာရေးဆရာ ဝေဟင်အောင်က ပြောသည်။

အလားတူ တစ်ဖက်တွင်လည်း စစ်ကောင်စီနှင့် တရုတ်အစိုးရတို့အကြား ပူးပေါင်းသော လုံခြုံရေး ကုမ္ပဏီ တည်ထောင်ရန် လုပ်ငန်းကော်မတီတစ်ရပ်နှင့် ကျောက်ဖြူစီမံကိန်းများ ကာကွယ်ရန် ပူးတွဲဆောင်ရွက်သော လုံခြုံရေးအဖွဲ့တို့ကို ဖွဲ့စည်းထား၍ အစီအမံများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းများအရ သိရသည်။

ယင်းအခြေအနေများကြောင့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ရန် တရုတ်လုံခြုံရေးတပ်များ မကြာသေးခင်က ကျောက်ဖြူမြို့နယ်ရှိ စီမံကိန်းများအတွင်း ဝင်ရောက်လာသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း မြေပြင်တွင် မတွေ့ရှိရဘဲ အာရက္ခတပ်တော် (AA)၏ ထိုးစစ်ဆင်မှုကို ကာကွယ်နိုင်ရန် ခံစစ်ပြင်နေကြောင်း ဒေသခံများထံက သိရသည်။

“တရုတ်လုံခြုံရေးကုမ္ပဏီက လက်နက်ကိုင်အဖွဲ့တော့ မြေပြင်မှာ ရောက်လာတာမျိုး၊ တရုတ်ဘက်က ဝင်လာတာတို့ဘာတို့ မတွေ့ရသေးဘူး။ ကျွန်တော်တို့လည်း အဲဒါကို စောင့်ကြည့်နေတာ အခု လောလော ဆယ်တော့ မတွေ့ရသေးဘူး” ဟု ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရခိုင်ပြည်နယ်အတွင်း AA ၏ ထိုးစစ်ဆင် တိုက်ခိုက်နေမှုကြောင့် မရှုမလှ စစ်ရှုံးနေပြီး လက်ရှိတွင် စစ်ကောင်စီသည် ကျောက်ဖြူမြို့ပေါ်နှင့် ယင်းဒေသရှိ အကြီးဆုံးရေတပ်စခန်းဖြစ်သော ဓညဝတီ ရေတပ်ဌာနချုပ် ဝန်းကျင်တို့ကိုသာ ထိန်းချုပ်ထားနိုင်၍ စစ်ရေးခြိမ်းခြောက်မှု ခံနေရကြောင်း ဒေသခံများထံက သိရသည်။

ထို့အပြင် ကျောက်ဖြူမြို့နယ်တွင် တရုတ်ရင်းနှီးမြှင့်နှံထားသော စီမံကိန်းများအနက် ရွှေသဘာဝ ဓာတ်ငွေ့ စီမံကိန်းနှင့် ရေနံပိုက်လိုင်း စီမံကိန်း နှစ်ခုသာ ပုံမှန်လည်ပတ်နိုင်ပြီး ကြီးကြီးမားမား မဟုတ်သလို ထိုမှတစ်ဆင့် ရရှိလာသော ဓာတ်ငွေ့နှင့် ရေနံတို့အား တရုတ်နိုင်ငံသို့ ပို့ဆောင်နေကြောင်း သိရသည်။

ဓာတ်ပုံ-စစ်ကောင်စီ၊ လူမှုကွန်ရက်
#စစ်ကောင်စီ #ကျောက်ဖြူမြို့ #ခံစစ်ပြင် #အကောင်အထည်မဖော်နိုင်သော #တရုတ်စီမံကိန်း #Ayeyarwaddy_Times