
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၄ ရက်
ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ နှင့် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်တို့တွင် ယခုရက်ပိုင်းအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် စစ်ကောင်စီက ဓာတုအဆိပ်ငွေ့ဗုံးများ အသုံးပြုကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ရှမ်း-ကရင်နီနယ်စပ်ရှိ မိုးဗြဲမြို့တွင် စစ်ကောင်စီနှင့် ကရင်နီ တော်လှန်ရေးတပ်ဖွဲ့တို့ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း စစ်ကောင်စီက ဓာတုအဆိပ်ငွေ့ဗုံးများကို ဒရုန်းဖြင့် အသုံးပြုကာ ကြဲချတိုက်ခိုက်ခြင်းများကို ယခုရက်သတ္တပတ်အတွင်း ပြန်လည် အသုံးပြုလာခြင်းဖြစ်ကြောင်း သိရသည်။
“ဓာတု အဆိပ်ငွေ့တွေသုံးနေတာကတော့ ဟိုးအရင်နှစ်တုန်းပိုင်းတည်းကပေါ့နော်။ အခုလည်း ရံဖန်ရံခါပြန်သုံးနေတာရှိတယ်။ ရှေ့တန်းရဲဘော်တွေကနေ ပြီးတော့မှ အချို့ဓာတုဗုံးရဲ့ side effect (ဘေးထွက်ဆိုးကျိုး) တွေပါတဲ့ ရောဂါ လက္ခဏာ ခံစားရတာတွေရှိခဲ့တယ်” ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့(KNDF) သတင်း နှင့် ပြန်ကြားရေးတာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဒရုန်းအသုံးပြုကာ ဓာတုဗုံးကြဲခြင်းများကြောင့် ရှေ့တန်းမှ တော်လှန်ရေးရဲဘော်များအနေဖြင့် မူးဝေခြင်း၊ အော့အန်ခြင်း၊ အိပ်ချင်လာခြင်း၊ ခန္တာကိုယ်မလန်းဆန်းခြင်း၊ အားပြတ်ခြင်း စသည့် လက္ခဏာများကို ခံစားနေရကြောင်းလည်း သိရသည်။
အလားတူ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်မဟာ-၂ နယ်မြေရှိ နောင်ချို့မြို့နယ်တွင်လည်း စစ်ကောင်စီက ယမန်နေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့ TNLA နှင့် တိုက်ပွဲအတွင်း ဒရုန်းအသုံးပြုကာ ဓာတုအဆိပ်ငွေ့ဗုံးများဖြင့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း TNLA ထံက သိရသည်။
အဆိုပါ ဓာတုဗုံးကြောင့် TNLA တပ်သား ၁၀ ဦး ထိခိုက်ခဲ့ရပြီး လေး ဦးမှာ ပြင်းထန်စွာထိခိုက်ခဲ့ကာ မူးဝေခြင်း၊ အသက်ရှုမြန်ခြင်း၊ အောက်စီဂျင်ကျခြင်း၊ မောပန်းခြင်း၊ အပြင်းအထန် စိတ်လှုပ်ရှားခြင်း၊ မအီမသာဖြစ်ခြင်းများ ခံစားခဲ့ရကြောင်း လည်း သိရသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ဒုတိယအပါတ်ကလည်း မိုးဗြဲတိုက်ပွဲများအတွင်း ဒရုန်းများ အသုံးပြုကာ S-PHOS(အက်စ်ဖော့စ်) တံဆိပ်ပါ ၅၆၀ အဆိပ်ငွေ့ ပြားများကို တပါးတည်းထည့်သွင်းကာ ဗုံးသီးချ တိုက်ခိုက်ခြင်းကို ပြုလုပ်ခဲ့ပြီး အဆိုပါဓာတုဗုံးအခွံများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း KNDF ထုတ်ပြန်ချက်များအရ သိရသည်။
ဓာတ်ပုံ – KNDF(ပုံဟောင်း)၊ The Ta’ang Post
#မိုးဗြဲ #နောင်ချို #စစ်ကောင်စီ #အဆိပ်ငွေ့ဗုံး #ဒရုန်းတိုက်ပွဲ #KNDF #TNLA #Ayeyarwaddy_Times