ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၄ ရက်

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ ဖွံ့ဖြိုးရေးလမ်းရှိ မီးရထားလမ်းပိုင်းတွင် အိပ် ပျော်နေသည့် အိမ်ခြေရာမဲ့ အမျိုးသားတစ်ဦး ရထား ကြိတ်ခံရပြီး သေဆုံးကြောင်း သိရသည်။

ယနေ့ ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၁ နာရီခန့်က သီလဝါ-ရန်ကုန် မောင်းနှင်သည့်ရထား တက်ကြိတ်၍ ရထားလမ်းပေါ်အိပ်ပျော်နေသည့် အမျိုးသားတစ်ဦး ခြေထောက်ပြတ်ထွက် သေဆုံး သွားကြောင်း သိရသည်။

“ဒီရထားလမ်းက ပုံမှန်ခရီးစဉ်မရှိဘူး။ သီလဝါဘက်က ကုန်တွေတင်တဲ့အခါပဲ ရထားဖြတ်တယ်။ ဒီနေ့ မနက် ၁ နာရီရထားဝင်လာပြီး ကြိတ်သွားတာ။ ခါတိုင်းက ဘူတာထဲတင်အိပ်နေကြ၊ အမူးလွန်ပြီး ရထား လမ်းပေါ်အိပ်ပျော်နေတာလို့ပြောကြတယ်” ဟု ရထားလမ်းအနီး နေထိုင်သူတစ်ဦးက ဧရာဝတီ တိုင်းမ်ကို ပြောသည်။

ရထားကြိတ်ခံရသဖြင့် အိမ်ခြေရာမဲ့အမျိုးသားမှာ ညာခြေထောက်ပြတ်ထွက်သွားပြီး ဘယ်ခြေထောက် မှာလည်း ပြတ်လု ပြတ်ခင်ဖြစ်ကာ တစ်ညလုံးသွေးထွက်လွန်ပြီး နံနက် ၅ နာရီခန့်တွင် သေဆုံး သွားကြောင်း သိရသည်။

အဆိုပါ အိမ်ခြေရာမဲ့ အမျိုးသားနှင့် ညီဖြစ်သူတို့သည် တခြားနယ်မှလာရောက်၍ အလုပ်လုပ် ကိုင်သူများ ဖြစ်ပြီး ခရီးသည်တင်ရထားများ ဖြတ်သန်းသွားလာခြင်းမရှိတော့သည့် ဘူတာရုံထဲတွင် နေထိုင်ကြကြောင်း သိရသည်။

ထိုသို့နေထိုင်ရာမှ ယမန်နနေ့ ဖေဖော်ဝါရီ ၂၃ ရက် ညပိုင်းတွင် အရက်အမူးလွန်ကာ ရထားလမ်းပေါ်တွင် အိပ်ပျော်နေရာမှ ရထားကြိတ်ခံရပြီး သွေးထွက်လွန် သေဆုံးခဲ့ခြင်းဖြစ်သည်။

အသက် (၄၀) အရွယ်ရှိ သေဆုံးသူသည် ကြုံရာကျပန်း အလုပ်လုပ်ကိုင်နေသူဖြစ်ကာ လက်ရှိတွင် တွန်းလှည်းငှား၍ စွန့်ပစ်အမှိုက် ပလုံကောက်ပြီး အသက်မွေးနေ ထိုင်လျက်ရှိသူဖြစ်ကြောင်း ရထားလမ်းအနီးတွင် နေထိုင်သူများထံက သိရသည်။

ပုံစာ-သီလဝါ-ရန်ကုန် မောင်းနှင်သည့်ရထား တက်ကြိတ်၍ သေဆုံးသွားသူအား သယ်ဆောင်လာစဉ်