ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၄ ရက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်ရှိ စစ်ကောင်စီ၏ ဓညဝတီရေတပ်ဌာနချုပ် ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီက လက်နက်ကြီးများအပြင် လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှု များပါ ပြု လုပ်လာကြောင်း သိရသည်။

စစ်ကောင်စီသည် ယမန်နေ့ ဖေဖော်ဝါရီ ၂၃ ရက် ညနေပိုင်းမှစတင်၍ သစ်ပုတ်တောင်တိုက်နယ်နှင့် ဂုံးချွိန်တိုက်နယ်တို့ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ရေတပ်ထဲကနေရော စစ်စခန်းတွေကနေပါ နေ့တိုင်းလက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ပစ်တယ်။ လေယာဥ်လည်းလာကြဲတယ်။ ရေတပ်နားကရွာတွေ အကုန်ပြေးနေရတယ်” ဟု ကျောက်ဖြူဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အာရက္ခတပ်တော် (AA) သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက် ညပိုင်းနှင့် ဖေဖော်ဝါ ရီ ၂၂ ရက်နေ့တို့တွင် ဓညဝတီရေတပ်ဌာနချုပ်ကို လက်နက်ကြီးများဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီကလည်း အပြန်အလှန်ပစ်ခတ်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့ သည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီသည် ကျောက်ဖြူ မြို့နယ်ရှိ ကျေးရွာများနှင့် တောင်တန်းများဘက်သို့ လက်နက်ကြီးများအပြင် ဒရုန်းဗုံးများသုံးကာ အပြင်းအထန်တိုက်ခိုက်ခဲ့ပြီး ကျောက်ဖြူမြို့နယ်ရှိ သစ်ပုတ်တောင်၊ ရှောက်ချောင်း၊ စီမော်၊ ကြပ်တိမ်၊ စိုင်ခြုံစသည့်ကျေးရွာ များဘက်သို့ လက်နက်ကြီးများကျရောက်သဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

စစ်ကောင်စီသည် ရေတပ်အနီးပတ်ဝန်းကျင်တွင် သွားလာမှုများကို ပိတ်ဆို့တားမြစ်ထားပြီး ကင်းပုန်းများဝပ်ကာ လမ်းပေါ်သွားလာသည့် ဒေသခံများကို သေနတ်ဖြင့်ပစ်ခတ် တိုက်ခိုက်မှုများ ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်နေ့က အမှတ် (၃၂) ရဲတပ်ရင်းမှ အင်အား ၇၀ ခန့်ရှိ စစ်ကြောင်းတစ်ခုကို AA က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှအကျအဆုံးများပြီး AA က လက် နက်အချို့ကို သိမ်းဆည်းရယူသွားကြောင်း သိရသည်။

ဓာတ်ပုံ – CINCDS (ပုံဟောင်း)
#ရခိုင် #ကျောက်ဖြူ #ဓညဝတီရေတပ် #တိုက်ခိုက်ခံရ #စစ်ကောင်စီ #လက်နက်ကြီး #လေကြောင်းဗုံးကြဲ #Ayeyarwaddy_Times