
ဧရာ၀တီတိုင်းမ်
ဖေဖော်၀ါရီ ၂၃ ရက်
အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ်ရှိ ချင်းလူမှုအသိုက်အ၀န်း – CCG က ဦးဆောင်ကျင်းပသည့် ၇၇ နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ – NUG ၏ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
ဂျော်ဂျီယာပြည်နယ်၊ အတ္တလန်တာမြို့တွင် ကျင်းပသည့်အဆိုပါအခမ်းအနားတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ယခုလိုဖိတ်ကြားမှုအတွက် ကျေးဇူးတင်ကြောင်း၊ မြန်မာပြည် စစ်အာဏာရှင် လက်အောက်မှ လွတ်မြောက်ရေးတွင် ပြည်တွင်းပြည်ပမှ ပြည်သူလူထုအင်အားက အဓိကဖြစ်ကြောင်းနှင့် အားလုံးလွတ်မြောက်ရေး ဆက်လက်ပါ၀င်ပေးကြရန် ချင်းအမျိုးသားနေ့ ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။
“စစ်တပ်က မတရားစစ်အာဏာသိမ်းခဲ့တဲ့ ၄ နှစ်ကျော်အတွင်းမှာ ကျနော်တို့ ချင်းပြည်သူတွေရော တနိုင်ငံလုံးက ပြည်သူတွေအနေနဲ့က တကယ့်ကို ဆိုးရွားလွန်းတဲ့နေ့ရက်တွေ ဖြစ်ခဲ့တယ်။ ဒါကြောင့်မို့ ကျနော်တို့ ပြည်သူတွေခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေ လွတ်မြောက်အောင် မြန်မာနိုင်ငံတွင်းက ပြည်သူတွေ၊ ပြည်ပမှာ ရှိတဲ့ မြန်မာြပည်သားတွေကနေ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ၀ိုင်း၀န်းဆောင်ရွက်ပေးနေကြတဲ့ အတွက် ကျေးဇူး အထူးတင်ရှိပါတယ်။ ဒုက္ခရောက်နေတဲ့ပြည်သူတွေ ဒီဒုက္ခထဲက ကျော်လွှားနိုင်ဖို့ကို ဆက်ပြီးတော့ ပါ၀င်ဆောင်ရွက်ပေးကြဖို့ကိုလည်း အနူးအညွတ် မေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်”ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခမ်းအနားတွင် ပြောဆိုခဲ့သည်။
ယနေ့ပြုလုပ်သည့် ချင်းအမျိုးသားနေ့အခမ်းအနားတွင် ချင်းအမျိုးသားနေ့သမိုင်းကြောင်း ဖတ်ကြားခြင်း၊ ချင်းမျိုးနွယ်စုတို့၏ ရိုးရာတေးသီချင်း၊ ရိုးရာအကများဖြင့် ဖျော်ဖြေခြင်း၊ ကလေးငယ်များ၏ဖက်ရှင်ရှိုး၊ လူငယ်များ၏ ရိုးရာဒီဇိုင်း ဖက်ရှင်ရှိုးပွဲ အစီအစဥ်များဖြင့် ကျင်းပခဲ့ကြပြီး ချင်းရိုးရာနှင့် မြန်မာ့ရိုးရာ အစားအစာများလည်း ရောင်းချခဲ့ကြကြောင်း သိရသည်။
ဂာတ်ပုံ – Ayeyarwaddy Times
#Ayeyarwaddy_Times #ဂျော်ဂျီယာ #ချင်းအမျိုးသားနေ့