
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၃ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ကွင်းပေါက်ကြီးအုပ်စုမှ စစ်မှုထမ်းမဲပေါက်သူ စစ်သင်တန်းဆင်း တစ်ဦးသည် ရှေ့တန်းသို့ နှစ်ကြိမ်တိုင် ပို့ဆောင်ခြင်းခံရပြီး နှစ်ကြိမ်စလုံး ဒဏ်ရာရ၍ ဆေးကုသမှု ခံယူနေရစဉ် ရှေ့တန်းထပ်မံပို့ဆောင်ခံရသောကြောင့် ထွက်ပြေးသွားကြောင်း သိရသည်။
စစ်မှုထမ်းအမှတ်စဉ် (၁) အိမ်ချောင်လေးကျေးရွာမှ မဲပေါက်သွားသည့် ပြည်သူတစ်ဦးသည် စစ်သင်တန်းဆင်းဆင်းချင်း ဧရာဝတီတိုင်းနှင့် ဂွအစပ်ရှိတိုက်ပွဲသို့ ပို့ခံရပြီး လက်မောင်းကျည်ထိ ဒဏ်ရာဖြင့် ပုသိမ် စစ်ဆေးရုံ မဆရ-၄ တွင် ဆေးဝါးကုသမှု ခံယူနေရစဉ် ရှေ့တန်း၌ ပြန်လည် တာဝန်ထမ်းဆောင်ရန် စေခိုင်းခံရကြောင်း သိရသည်။
“သင်တန်းသားသစ်တွေ ဒဏ်ရာရတာတောင် နောက်တန်းပြန်မနားခိုင်းဘူး။ လိုအပ်ချက်ကြောင့် ဆက်တိုက်ကို မသေတဲ့သူတွေကို လက်ပူတိုက်ကုပြီး ရှေ့တန်းကို ပြန်ပို့နေတာ။ ရှေ့ တန်းရောက်မှ အစုလိုက်ထွက်ပြေးတဲ့ လူတွေရှိသလို တစ်ယောက်ချင်းထွက် ပြေးကြတာလည်း ရှိတယ်”ဟု တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဒုတိယအကြိမ်အဖြစ် သာပေါင်းမြို့နယ်တွင် ဖြစ်ပွားနေသည့်တိုက်ပွဲသို့ ထပ်မံစေလွှတ်ခံရကာ ခြေထောက်၊ နားထင်တို့တွင် ဗုံးစမှန်ပြီး ပုသိမ် မဆရ ၄ တွင်ပင် ဆေးဝါးကုသခံနေရစဉ် စစ်ကောင်စီက ရှေ့တန်းသို့ ထပ်မံစေလွှတ်ခဲ့ကြောင်း ပုသိမ်တပ်သတင်း ရင်းမြစ်ထံက သိရသည်။
ထိုသို့ နှစ်ကြိမ်ရှေ့တန်းပို့ခံရပြီး နှစ်ကြိမ်စလုံးဒဏ်ရာရရှိခဲ့သည့် စစ်ကောင်စီတပ်သားကို တတိယ အကြိမ်မြောက် ရှေ့တန်းသို့ ပို့ဆောင်စဉ်တွင် ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။
စစ်ကောင်စီသည် စစ်မှုထမ်းအမှတ်စဉ် (၁) မှ (၁၀) အထိ စု ဆောင်းထားရှိထားပြီး စစ်သင်တန်းဆင်း များကို တိုက်ပွဲဖြစ်ပွားရာ ဧရာဝတီတိုင်းနှင့် ဂွအစပ်ရှိ တိုက်ပွဲများသို့ ဆက်တိုက်ပို့ဆောင်နေပြီး ဒဏ်ရာရရှိသူများကိုပါ လက်ပူတိုက်ကုသ၍ ထပ်ခါထပ်ခါစေလွှတ်နေကြောင်း သိရသည်။
ဧရာဝတီတိုင်းအတွင်းရှိ ဇင်ပြွန်းကုန်းအုပ်စု၊ သရက်ကုန်းကျေးရွာမှ လယ်လုပ်နေသူ အမျိုးသား တစ်ဦးကိုလည်း ယခု ဖေဖော်ဝါရီလအတွင်းက ဖမ်းဆီးခေါ်ဆောင်သွားပြီး ဂွမြို့နယ်တိုက်ပွဲသို့ ပို့ ဆောင်ခဲ့ရာ တိုက်ပွဲအတွင်း သေဆုံးသွားကြောင်း သိရသည်။
စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် တပ်သားသစ်စုဆောင်းခံရသူများသည် ကွင်းကောက်မြို့ရှိ အမှတ်(၅) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း(တကက-၅) တွင် ရက်တို စစ်သင်တန်းပေးခံရကာ ရှေ့တန်းသို့ ဆက်တိုက်ပို့ဆောင်ခံနေရကြောင်း သိရ သည်။
ထို့ပြင် စစ်မှုထမ်းဥပဒေဖြင့် မဲနှိုက်ခံရသည့် ကျေးရွာများမှ မိသားစုဝင်များကိုလည်း လစဉ်ကြေး ကောက်ခံကာ ငွေကြေးထောက်ပံ့ရန် ခိုင်းစေမှုများရှိနေကြောင်း သိရသည်။
ဓာတ်ပုံ-လူမှုကွန်ရက်
#ဧရာဝတီတိုင်း #ရှေ့တန်း #နှစ်ကြိမ် #အပို့ခံရ #ဒဏ်ရာရ #ထပ်မံအပို့ခံရ #ထွက်ပြေး #Ayeyarwaddy_Times