ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာဝတီတိုင်းမ်၊ ဖေဖော်ဝါရီ ၂၃ ရက်)

မြန်မာနိုင်ငံက အဖြစ်များတဲ့ ရောဂါတွေထဲမှာ အစာအိမ်ကင်ဆာရောဂါလည်းပါဝင်နေပြီး ရောဂါပျံ့နှံ့ မှသာ ကင်ဆာအခြေအနေဖြစ်မှန်း သိရတာကြောင့် လူနာအများစုရဲ့ အသက်ရှင်ခြင်းက ကုသရ ခက်ခဲသွားတယ်လို့ ဆိုနိုင်ပါတယ်။

အစာအိမ်ကင်ဆာဟာ အစောပိုင်းကာလတွေမှာ သိသာထင်ရှားတဲ့ရောဂါလက္ခဏာတွေ သိပ်မပြ တတ်ပါဘူး။

အစာမကြေခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ အစားအသောက်မြိုရခက်ခဲခြင်း၊ အစာစားပြီးရင်ခေါင်း တောင့်ခြင်း၊ အစာစားချင်စိတ်ပျောက်ဆုံးခြင်း၊ အမည်း‌ရောင်ဝမ်းသွားခြင်း၊ သွေးအန်ခြင်း၊ ဖြူ‌ဖျော့ သွေးအားနည်းခြင်း၊ ပိန်ချုံးလာခြင်း၊ ရင်ခေါင်းနေရာတွင်အလုံးတခုခုစမ်းသပ်မိခြင်း၊ ချိုင်းအတွင်း နှင့်လည်းပင်းကော်လာဝတ်နေရာများတွင် (ပြန်ရည်အကျိတ်)အလုံးအဖုတွေကိုစမ်းမိခြင်း စတာတွေက အစာအိမ်ကင်ဆာရဲ့ ရောဂါလက္ခဏာတွေပဲ ဖြစ်ပါတယ်။

ကင်ဆာဆဲလ်တွေပျံ့နှံ့အပြီးမှာတော့ ဝမ်းဗိုက်အရည်စုလာခြင်း၊ အဆုတ်အပြင်လွှာကို အရည်လွှမ်းခြင်း အစာအိမ်ထွက် ပေါက်ပိတ်ဆို့ခြင်း၊ အစာအိမ်ဝင်ပေါက်ပိတ်ဆို့ခြင်း၊ အူသိမ်ပိတ်ခြင်း၊ အစာအိမ် နံရံအစာရေမြိုနံရံသွေးကြောပေါက်၍သွေးအန်ခြင်း၊ အသည်းကိုကင်ဆာပျံ့နှံ့ပြီးအသားဝါခြင်း၊ ပိန်ချုံးလာခြင်း စတာတွေကို ခံစားရတတ်ပါတယ်။

“ကင်ဆာဖြစ်လျှင် မကောင်းတော့သည့် အင်္ဂါများကို ဖြတ်တောက် ခွဲစိတ်ကုသရမည်” ဟုဆိုသည့် အတိုင်းပင် အစာအိမ်ကင်ဆာရောဂါရဲ့ အဓိကကုသမှုက ခွဲစိတ်ခြင်းပဲဖြစ်ပါတယ်။

အစာအိမ်ရဲ့ မည်သည့်နေရာတွင် အလုံးအကျိတ် ရှိနေသည်၊ အရွယ်အစားမည်မျှရှိသည်၊ အနီး အနားရှိ အခြားကိုယ်တွင်းအင်္ဂါအစိတ်ပိုင်းများကိုမည်သို့ ထိုးဖောက်နေသည် စတာတွေကို တွက်ချက်ပြီးမှ လိုအပ်သလိုခွဲစိတ်ကုသရတာဖြစ်ပါတယ်။ ပြန်ရည်ကြောအကျိတ်တွေ ကြီးမားနေတာကိုပါ တစ်ပြိုင် နက်ထဲ ဖယ်ရှားရှင်းလင်းခွဲစိတ်ရပါတယ်။

ခွဲစိတ်ကုသမှု အပြီးမှာလည်း လိုအပ်ပါက ကင်ဆာဆေးသွင်းကုရပါတယ်။ ပျောက်ကင်းအောင် ကုသဖို့ကြိုးစားပါက လူနာအသက်ရှင်နိုင်ပါတယ်။

ဆေးပညာတွေ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ အချို့လူနာတွေကတော့ အစာအိမ်ကင်ဆာအလုံး အကျိတ်သေးငယ်သွားစေဖို့ ရည်ရွယ်ပြီး မခွဲစိတ်မီမှာပင် ကင်ဆာဆေးသွင်းခြင်း ဒါမှမဟုတ် ဓာတ်ရောင်ခြည်ပြခြင်းကိုလည်း ပြုလုပ်တတ်ကြပါတယ်။

ခွဲစိတ်‌နေစဉ်မှာလည်း ဓာတ်ကင်ခြင်းလို့ လူသိများတဲ့ ဓာတ်ရောင်ခြည်ပြကုသခြင်း နည်းလမ်း(IORT) တွေနဲ့ ကင်ဆာကိုအမြစ်ပြတ်အောင် ကြိုးစားပြီးကုသရပါတယ်။

ကင်ဆာရောဂါ လွန်စွာပျံ့နှံ့ပြီးမှ သိရတဲ့အခြေအနေမျိုးမှာတော့ ရောဂါပျောက်အောင်မကုနိုင်တော့ဘဲ အလုံးအကျိတ်ကိုဖယ်ရှားခြင်း၊ ဓာတ်ရောင်ခြည်ပြခြင်း၊ ကင်ဆာဆေးသွင်းခြင်း တို့နှင့်အတူ နာကျင်မှု သက်သာစေသောကုထုံးများကို ပေးပြီး လူနာကို ကုသကြပါတယ်။

အစာအိမ်ကင်ဆာရောဂါဟာ တစ်ချိန်တုန်းက ဒုတိယအဖြစ်အများဆုံး ကင်ဆာရောဂါဖြစ်ခဲ့ဖူးပါတယ်။ အစာအိမ်ကင်ဆာ မဖြစ်လာစေဖို့အတွက် ဆင်ခြင်ရမယ့်အရာတွေကို လိုက်နာတဲ့အခါ ဖွံ့ဖြိုးတိုးတက် ပြီးနိုင်ငံတွေမှာတော့ အစာအိမ်ကင်ဆာရောဂါဖြစ်ပွားနှုန်းလျော့ပါးလာတာကို တွေ့ရပါတယ်။ အမေရိ ကန်နိုင်ငံရဲ့ ကင်ဆာရောဂါအတွက် ပြုစုမှတ်တမ်းတွေအရ ယခုအခါမှာတော့ နံပါတ်စဉ် ၁၅ အဖြစ် အများဆုံးကင်ဆာရောဂါအဖြစ်ကနေ လျော့ကျခဲ့ပြီပဲ ဖြစ်ပါတယ်။

#အစာအိမ်ကင်ဆာမဖြစ်စေဖို့ဆင်ခြင်နိုင်သည့်နည်းလမ်းများ

အသီးအနှံ၊ သစ်သီးဝလံ လတ်လတ်ဆတ်ဆတ်များ စားသုံးပါ။ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ဓာတ်မြေဩဇာ တို့ကိုရှောင်ပြီး သဘာဝနည်းလမ်းအတိုင်းစိုက်ပျိုးထားတဲ့ ဇီဝမြေဩဇာနဲ့သာ စိုက်ပျိုး ထားတဲ့ အော်ဂဲနစ်အသီးအနှံ နဲ့ ဟင်းသီး ဟင်းရွက်တွေကို ရွေးချယ်စားသုံးပါ။

အငန်နဲ့ဆား စားသုံးမှုလျှော့ချပါ။ ရေရှည်ခံအောင် ပြုပြင်ထားတဲ့စာစရာ‌တွေကိုရှောင်ကြဉ်ပါ။ ရေခဲ သေတ္တာမှာ ထည့်သွင်းစားသောက်ရတဲ့ အအေးခံထားသို စားစရာများကို တတ်နိုင်သမျှရှောင်ကြဉ်ပါ။

ရေရှည်အစားခံအောင်ပြုလုပ်ထားတဲ့ အချဉ်စိမ်ထားတဲ့အစားအသောက်များ၊ ချဉ်ဖက်များ၊ ငါးဆားနယ်၊ ငါးခြောက် ၊ ငါးပိကောင်စတဲ့ ဆားပါဝင်မှုများသောအစားအသောက်များ ၊ ကြပ်ခိုးတင် ထားတဲ့ အစားအသောက်များ၊ ယမ်းစိမ်းပါဝင်သောအစားအစာများ၊ ဝက်အူချောင်း၊ ငါးသေတ္တာ စတဲ့ အစားအသောက်တွေဟာ ကင်ဆာဖြစ်စေနိုင်တဲ့ အစားအစာတွေဖြစ်ပါတယ်။

ဗိုက်တာမင်စီ ကြွယ်ဝသော အချဉ်သီးများ အရည်ရွှမ်းသည့်အသီးများ နှင့် လက်ဆက်သော သစ်သီး ဝလံများ ဟင်းသီး ဟင်းရွက်များကို စားသုံးပေးပါက အစာအိမ်ကင်ဆာဖြစ်ပွားနိုင်မှုကို လျော့ကျ စေပါတယ်။

ဆေးလိပ်သောက်ခြင်းကလည်း အစာအိမ်ကင်ဆာဖြစ်ပွားမှုကို တိုးပွားစေပြီး ဆေးလိပ်များများ သောက်သူ၊ ဆေးလိပ်သောက် သက်တမ်းကြာရှည်သူ တွေမှာတော့ ကင်ဆာရောဂါဖြစ်ပွားမှုနှုန်း အလွန်များပြားပါတယ်။

ဆေးလိပ်သောက်တာကို ဖြတ်တောက်ပြီး ဆေးလိပ်မီးခိုးမရှူတော့တဲ့ သူတွေမှာတော့ အစာအိမ် ကင်ဆာဖြစ်ပွားမှုနှုန်းက တဖြည်းဖြည်းချင်းပြန်လည်လျော့ကျလာတဲ့အကြောင်း ဆေးပညာသုသေသန တွေမှာ ဖော်ပြထားပါသည်။

အစာအိမ်ကင်ဆာဖြစ်စေတတ်သော အစာအိမ်ရောဂါပိုး ( H pylori ) ကိုရှာဖွေစစ်ဆေးပြီး ရောဂါပိုးရှိပါက ကုန်စင်အောင်ကုသခြင်းက ကြိုတင်ကာကွယ်ခြင်းနည်းလမ်းတစ်ခုပင်ဖြစ်ပါတယ်။ မြန်မာနိုင်ငံလူဦးရေ၏ တစ်ဝက်လောက်က အစာအိမ်ရောဂါပိုးကူးစက်ခံခဲ့ရသူတေါပဲ ဖြစ်ပါတယ်။ အစာအိမ်ရောဂါပိုးကူးစက်ခံရပါက ထိရောက်မှန်ကန်တဲ့ ကုသမှုနည်းလမ်းတွေနဲ့ ပိုးသတ်ဆေးဝါးများ ကို ရက်ရှည် သောက်ယူပြီး ကုသရပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် အစာအိမ်ခွဲစိတ်ခဲ့ဖူးတဲ့ လူနာတွေမှာလည်း အစာအိမ်ကင်ဆာ ဖြစ်နိုင်ခြေ များသလို အစာအိမ်အတွင်း အသားပိုအလုံးရှိနေပါကလည်း အစာအိမ်ကင်ဆာ ဖြစ်နိုင်ခြေများ လာတတ်ပါတယ်။

အစာအိမ်နာ ရောဂါကို ဂရုမစိုက်ဘဲ မကုဘဲထားပါက ရေရှည်တွင် အစာအိမ်ကင်ဆာ အဖြစ် ပြောင်းလဲနိုင်ပါတယ်။

ဓာတ်ရောင်ခြည်ထုတ်လွှတ်သောနေရာနဲ့ နီးစပ်ကြသူလူများ အထူးသဖြင့် ဓာတ်မှန်စက်များအနီးတွင် အလုပ်လုပ်သူများမှာ ဓာတ်ရောင်ခြည်သင့်ပြီး အစာအိမ်ကင်ဆာ ဖြစ်နိုင်ခြေတိုးပွားလာတတ်ပါတယ်။

#အစာအိမ်ကင်ဆာအမျိုးအစားများ

ကင်ဆာအမျိုးအစားတွေကို အဏုကြည့်မှန်ဘီလူးအောက်မှာ ဘိုင်အိုစီအစာအိမ်အသားစနမူနာ စစ်ဆေးပြီး ခွဲခြားနိုင်ပါတယ်။ ကိုးဆယ် ကနေ ကိုးဆယ့်ငါးရာခိုင်နှုန်းအထိဟာ Adenocarcinoma အဒီနိုကာဆီနိုးမားအကျိတ် အမျိုးအစားဖြစ်ပါတယ်။

-Lymphomas လင်ဖို့မားအကျိတ်
-အစာအိမ်အူလမ်းကြောင်း(Gastrointestinal stromal tumors ) ပင်မကြွက်သား အကျိတ်အမျိုးအစား ( leiomyomas or leiomyosarcomas)
-Carcinoids ကာဆီနွိုက် အကျိတ်
-Adenoacanthomas အဒီနိုကန်သိုးမာအကျိတ်
-Squamous cell carcinomas စကွေးမတ်ကင်ဆာအကျိတ်
စတဲ့ အမျိုးအစားတွေကလည်း ရှားပါးပေမယ့် ဖြစ်ပွားတတ်ပါတယ်။

သို့ဖြစ်ပါ၍ ရောဂါအလိုက်ကုသမှုလည်း မတူညီကြပါ။ အစာအိမ်ရောဂါသံသယရှိပါက တတ်ကျွမ်း နားလည်သူဆရာဝန်များနှင့်တိုင်ပင်ပါ။ ရောဂါရှာဖွေပါ။ ကင်ဆာမပျံ့နှံ့မီ အချိန်မီတွေ့ရှိပါက အသက် မသေတော့ဘဲ ကင်ဆာကိုအနိုင်တိုက်မှာဖြစ်ပါသည်။

ဧရာဝတီတိုင်းမ် ပရိသတ်များအားလုံးလည်း အစာအိမ်ကင်ဆာအကြောင်း နားလည်သဘောပေါက်ပြီး လိုက်နာရမည့် ကျန်း မာရေးအကြံပြုချက်လေးတွေကို သဘောကျနှစ်သက်ကြမည်လို့ ယူဆပါတယ်။

နောက်တစ်ပတ်မှာတော့ သက်လတ်ပိုင်းလူငယ်များကြုံတွေ့နေရတဲ့ စိတ်သောကနှင့် ကျန်းမာရေး အကြောင်းအရာကို ဖော်ပြတင်ဆက်သွားမည်ဖြစ်ပါ၍ စောင့်မျှော်ကြပါဦးခင်ဗျာ။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #အစာအိမ်ကင်ဆာ #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာဝတီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)