ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၆ ရက်
အာဏာသိမ်း စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲ ကို ပြတ်ပြတ်သားသား ဆန့်ကျင် ငြင်းဆန်ရန် Justice For Myanmar (JFM) အဖွဲ့က ယနေ့ အောက်တိုဘာ ၂၆ ရက်တွင် စတင်ကျင်းပနေသည့် (၄၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ တောင်းဆိုလိုက်သည်။
(၄၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်တွင် ယနေ့ အောက်တိုဘာ ၂၆ မှ ၂၉ ရက်အထိ လေးရက်ကြာ ကျင်းပ သွားမည်ဖြစ်သည်။
အာဆီယံအနေဖြင့် စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲအား ငြင်းဆန်ခြင်း၊ အာဆီယံနှင့် လက်အောက်ခံအဖွဲ့အစည်းများတွင် စစ်အုပ်စုနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များအား တားမြစ် ပိတ်ပင်ခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုအတွက် မြန်မာပြည်သူများ၏ လှုပ်ရှားရုန်းကန်မှုနှင့်အတူ ရပ်တည်ပေးရန်တို့ကို JFM က တောင်းဆိုလိုက်သည်။
” စစ်အုပ်စုရဲ့အမည်ခံရွေးကောက်ပွဲက ဒီမိုကရေစီကိုဦးတည်တဲ့ လမ်းကြောင်းတစ်ရပ် မဟုတ်ပါဘူး။ ဒါဟာ သူတို့ရဲ့ အကြမ်းဖက်အုပ်ချုပ်မှုကို မှားယွင်းစွာ တရားဝင်မှုပေးနိုင်ဖို့အတွက် စစ်အုပ်စုက ဒီဇိုင်းဆွဲထားတဲ့ လှည့်ကွက်တစ်ခုဖြစ်တယ် ” ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောကြားထားသည်။
အာဆီယံအနေဖြင့် စစ်ကောင်မရှင်၏ အတုအယောင်ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ငြင်းဆိုခြင်းအပြင် ရွေးကောက်ပွဲစောင့်ကြည့်သူများကို မစေလွှတ်ခြင်းဖြင့်ပါဝင်ရမည်ဖြစ်ကြောင်း JFM က ထုတ်ပြန်သည်။
ထို့ပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် စစ်အုပ်စု၏ ဘဏ္ဍာငွေ၊ စစ်လက်နက်၊ စက်ပစ္စည်း ကိရိယာ၊ နည်းပညာနှင့် လေယာဉ်ဆီလမ်းကြောင်းများကို ချက်ချင်း ဖြတ်တောက်ရမည်ဖြစ်ကြောင်းပါဝင်သည်။
အာဆီယံက ချမှတ်ထားသည့် ဘုံသဘောထားငါးရပ် (Five-Point Consensus-5PC) ကို စစ်ကော် မရှင်က လိုက်နာမှုမရှိသည်မှာ လေးနှစ်ကျော် ရောက်ရှိလာပြီဖြစ်ပြီး မအောင်မြင်သော 5PC အဖြစ်ရှိနေကြောင်းလည်း JFM က ထောက်ပြပြောဆိုသည်။
ဓာတ်ပုံ – ASEAN