ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၃ ရက်

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်၊ ဦးကြီးတော်ရွာမှ အ‌ခြေခံပညာကျောင်းတက်နေသည့် ကလေး နှစ်ဦးကို စစ်မှုထမ်းဆောင်ရန် အကြောင်းကြားခံရကြောင်း သိရသည်။

ကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးနိုင်းနိုင်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်နေ့က ကျေးရွာ အုပ်စုအတွင်း စစ်မှုထမ်း စာရင်းကို မြို့နယ်သို့တင်ရာတွင် အခြေခံပညာ ၁၁ တန်းနှင့် ၁၂ တန်းတက် နေသည့် လူငယ်နှစ်ဦးကိုပါ စာရင်းတင်သွင်းခဲ့ကြောင်း သိရသည်။

အသက်မပြည့်သေးတဲ့ကလေးနှစ်ယောက် စစ်မှုထမ်း ချိပ်ပိတ်စာရင်းထဲပါတယ်ပြောတယ်။ မိဘတွေ လိုက်ရှင်းတာကို လက်မခံဘူး။ ပြီးတော့ စစ်မှုထမ်း ထောက်ပံ့စရိတ်ဆိုပြီး လိုက်ကောက်တာတွေ ရှိတယ်”ဟု ဝါးခယ်မမြို့နေ ဒေသခံတစ်ဦးက ဧရာဝတီ တိုင်းမ်ကို ပြောသည်။

အသက် ၁၆ နှစ်နှင့် အသက် ၁၈ နှစ်ပြည့်ရန် လိုသေးသည့် မောင်ရှိုင်းလင်းကျော်နှင့် မောင်ပိုင်ခန့်ဇော် တို့ကို မြို့နယ်အဆင့် စစ်မှုထမ်းဆင့်ခေါ်ဆောင်ရေးအဖွဲ့မှ ပေးပို့သည့် စစ်မှုထမ်းအိတ်ပိတ်စာတွင် ပါဝင် သည်ဟု အကြောင်းကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ကလေးနှစ်ဦးသည် လက်ရှိတွင် အခြေခံပညာရေးကျောင်း တက်နေသူများဖြစ်သည့်အတွက် စစ်မှုထမ်းစာရင်းမထည့်ရန် မိဘများမှသွားရောက်တောင်းပန်သော်လည်း အုပ်ချုပ်ရေးပိုင်းက လက်ခံခြင်းမရှိဘဲ ဧရာဝတီတိုင်းတွင်ရှိ စာသင်ကျောင်းများတွင် အသက် ၁၈ နှစ်ပြည့်ရန် လပိုင်း လိုသေးသည့် ကျောင်းသားစာရင်းများပါ ကောက်ယူနေကြောင်း သတင်းအထူးတပ်ဖွဲ့ ပုသိမ်ထံက သိရသည်။

ထို့အပြင် ကျေးရွာအုပ်စုအတွင်း စစ်မှုထမ်းထောက်ပံ့ ကြေးဟုဆိုကာ အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိ အသက်အကျုံးဝင်သူရှိသည့် တစ်အိမ်ထောင်လျှင် ၄၀၀၀၀ မှ ၅၀၀၀၀ အထိ အဓမ္မကောက် ခံမှုများရှိနေကြောင်း သိရသည်။

ဓာတ်ပုံ-စစ်ကောင်စီ
ပုံစာ-
ပုံ(၁)စစ်ကောင်စီ၏ စစ်မှုထမ်းသင်တန်းတက်ရောက်နေသည့် လူငယ်များကိုတွေ့ရစဉ်
ပုံ(၂) ပုသိမ်မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်း တစ်ကျောင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေသည် ကျောင်းသားများကိုတွေ့ရစဉ် (ပုံဟောင်း)
#ဧရာဝတီတိုင်း #ဝါးခယ်မ #အခြေခံပညာကျောင်း #ကျောင်းသားနှစ်ဦး #စစ်မှုထမ်းခေါ်ခံရ #Ayeyarwaddy_Times