ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၃ ရက်

မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ ‌နတ်ရေကန်လေကြောင်း ကာကွယ်ရေးတပ်မှ လက်နက်ခဲယမ်းများ သယ်ဆောင်ကာ စခန်းစွန့်ခွာထွက်ပြေးလာသည့် စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက် ခံရကြောင်း သိရသည်။

နတ်ရေကန်စခန်းမှ စခန်းစွန့်ခွာ ထွက်ပြေးလာသည့် စစ်ကောင်စီအင်အား ၁၀၀ ခန့်ပါ ယာဉ်တန်းကို ယမန်နေ့ ဖေဖော်ဝါရီ ၂၂ ရက် နေ့လယ် ၁ နာရီ ၃၀ မိနစ်ခန့်တွင် ပျဉ်းဝစစ်ဆေးရေးဂိတ် အနောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာ ‌နတ်ရေကန်လမ်းဟောင်းတွင် ကြားဖြတ်၍ ဖြတ်တောက်တိုက်ခိုက်ခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်-အရှို (CDF -Asho) က ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင် ခုနစ် ဦး နေရာတွင်သေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိမှုများလည်း များပြားပြီး စစ်ကောင်စီဘက်မှ လက်နက်ငယ် ‌၄ လက်နှင့် ခဲယမ်းအချို့ကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း CDF-Asho ထံက သိရသည်။

“ခံစစ်အနေအထားနဲ့ဆိုရင် အများကြီးသာနေတယ်။ တိုက်ခိုက်လိုစိတ်မရှိတော့ တိုက်စွမ်းအားမရှိဘူး။ တကယ်တမ်း ထုနဲ့တိုက်စစ်ဆင်လာရင် အမြောက်ကြီးတွေ အကောင်းတိုင်းထားပြီး ပြေးကြမယ် ဆိုတာကို ရိပ်မိနေတာလည်းပါမယ်။ အမြောက်တော့အပါမခံတော့ဘူးဆိုပြီး စိတ်ပိုင်းဖြတ်လိုက် ပုံရပါတယ်”ဟု CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပြောသည်။

ထိုသို့ တိုက်ခိုက်ခံရသည့်အတွက် စစ်ကောင်စီယာဉ်တန်း လေးစီးအနက် တစ်စီးပျက်စီးခဲ့ပြီး တစ်စီးမီးလောင်ကျွမ်းသွားကြောင်း သိရသည်။

အမ်း-ပဒါန်းလမ်းပေါ်ရှိ နတ်ရေကန်စခန်းကို အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်နေသည့် အတွက် စစ်ကောင်စီတပ်ဖွဲ့များ လက်နက်ခဲယမ်းများကို သယ် ဆောင်ကာ ခွာစစ်ဆင်နေကြကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

စစ်ကောင်စီတပ်သည် စခန်းမှ ခွာစစ်ဆင်ချိန်တွင် စခန်းပတ်လည်နှင့် နတ်ရေကန်လမ်းဟောင်း တစ်လျှောက် မိုင်းများထောင်သွားပြီး လမ်းဟောင်း တွင်လည်း အဖွဲ့လိုက်လုံခြုံရေးယူခိုင်းထားကြောင်း သိရသည်။

ထိုသို့ အစုလိုက်အပြုံလိုက် ဆုတ်ခွာစစ်ဆင်လာချိန်တွင် လမ်းပိုင်း၌ တော်လှန်ရေးတပ်ဖွဲ့များ၏ ဖြတ် တောက်တိုက်ခိုက်ခြင်းခံရပြီး လက်နက်တင်လာသည့် စစ်သုံးကားများ မီးလောင်ပျက်စီးကာ တပ်ဖွဲ့ဝင်များပါ သေဆုံးမှုရှိကြောင်း သိရသည်။

ဓာတ်ပုံ-Cချင်းကာကွယ်ရေးတပ်(အရှို)
#နတ်ရေကန်စခန်း #စစ်ကောင်စီ #ခွာစစ်ဆင် #ကြားဖြတ် #တိုက်ခိုက်ခံရ #CDF_Asho #Ayeyarwaddy_Times