
(မလေးရှား)၊ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၂ ရက်
မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ ကလန်းမြို့၊ မဲရူးစျေးကြီးတွင် မြန်မာနိုင်ငံသား ၅၃၀ ဦးအပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသား ၆၃၀ ဦး ဖမ်းဆီးခံရကြောင်း မလေးရှားရောက် မြန်မာနိုင်ငံသားများထံက သိရှိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်၊ မနက် ၅ နာရီအချိန်မှစ၍ နိုင်ငံခြားသားများ အလုပ်လုပ်ကိုင်နေသည့် မဲရူးစျေးကြီးတွင် မလေးရှားအာဏာပိုင်အဖွဲ့မှ စီမံချက်ဖြင့် ဝင်ရောက်စစ်ဆေးရာတွင် ယခုကဲ့သို့ ဖမ်းဆီးထိန်းသိမ်းခံရခြင်းဖြစ်သည်။
“အခုဖမ်းတာက တိုင်ကြားချက်လည်းပါတယ်။ ပြီးတော့ စီမံချက်ကာလသဘောမျိုးပါ။ သူတို့စီမံချက်ကာလအတွင်း ဖမ်းဆီးစစ်ဆေးမူ အကြီး၊ အသေး ဆက်တိုက်ဝင်နေပါတယ်။ နေရာစုံ တိုင်ကြားမူ အကြီး၊အသေးတွေကတော့ ပုံမှန်ရှိပါတယ်။ ဒီလိုမျိုးအကြီးတွေကတခါတရံမှဝင်ဖမ်းတာပါ” ဟု မလေးရှားရောက် မြန်မာနိုင်ငံသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကလန်းမြို့၊ မဲရူးစျေးကြီးတွင် နိုင်ငံခြားသားများ အလုပ်ဝင်ရောက်လုပ်ကိုင်ခြင်း၊ စျေးရောင်းချခြင်း ခွင့်မပြုထားသည့်အတွက် နိုင်ငံသားများ၏ တိုင်ကြားမှုကြောင့် ယခုကဲ့သို့ စီမံချက်ဖြင့် ဝင်ရောက်စစ်ဆေး ဖမ်းဆီးခြင်းဖြစ်သည်။
“စျေးတွေက နိုင်ငံခြားသားတွေ ဝင်လုပ်ဖို့ ခွင့်မပြုထားပါဘူး။ နိုင်ငံသားတွေကလည်း အောက်ခြေသိမ်း အလုပ်မလုပ်နိုင်ဘူး။ နိုင်ငံခြားသားတွေကလည်း ရရာအလုပ် ဝင်လုပ်တဲ့အခါ ခုလိုမျိုး ဖမ်းဆီးမှုကြောင့်ပါသွားကြတာပါ” ဟု မလေးရှားရောက် မြန်မာနိုင်ငံသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယနေ့မနက် ဖမ်းဆီးခံရသည့် နိုင်ငံခြားသားများသည် မြန်မာ ၅၃၀ ဦး၊ အင်ဒိုနီးရှား ကိုးဦး၊ ဘင်္ဂလားဒေ့ရှ် ၈၅ ဦး ၊ အိန္ဒိယ ငါးဦး နှင့် နီပေါ တစ်ဦးတို့ဖြစ်သည်။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကလည်း ဆလန်ဂေါပြည်နယ်၊ ကလန်းမြို့တွင် မြန်မာနိုင်ငံသားများအပါအဝင် အထောက်အထားမဲ့နိုင်ငံခြားသား ၅၄ ဦး ဖမ်းဆီးခံခဲ့ရသည်။
#မလေးရှားနိုင်ငံ #ဆလန်ဂေါပြည်နယ် #ကလန်းမြို့ #မဲရူးစျေး #မြန်မာနိုင်ငံသား၅၃၀ဖမ်းဆီးခံရ
#Ayeyarwaddy_Times