
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၂ ရက်
စစ်ကောင်စီက လက်နက်ကိုင်ခွင့်ရှိသော ပုဂ္ဂလိကလုံခြုံရေး ဥပဒေသစ်ကို ပြဌာန်းလိုက်သောကြောင့် မြန်မာ့ပဋိပက္ခသည် ပိုမိုရှုပ်ထွေးစေနိုင်ပြီး စစ်အုပ်စုပိုင် လုံခြုံရေးကုမ္ပဏီများ ယခင်ထက်များစွာ ပေါ်လာနိုင်ကြောင်း စစ်ရေးအကဲခတ်လေ့လာနေသူများက ထောက်ပြပြောကြားသည်။
အာဏာသိမ်းကာလ ကြာမြင့်လာသည်နှင့်အမျှ စစ်ရှုံးနေသည့် စစ်ခေါင်းဆောင်က ပြည်တွင်း ပြည်ပ ကုမ္ပဏီများ လက်နက် ကိုင်ခွင့်ရှိသော ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှုဆိုင်ရာ ဥပဒေကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်တွင် လက်မှတ်ရေးထိုး၍ ပြဋ္ဌာန်းခဲ့သည်။
စစ်ကောင်စီသည် နိုင်ငံတစ်ဝန်း စစ်ရှုံးနေ၍ နယ်မြေ၊ တပ်စခန်းများ လက်လွှတ်နေရသောကြောင့် ၎င်းတို့အာဏာနှင့် ခုခံနိုင်စွမ်းကို အထောက်အကူပြုနိုင်ရန် ယင်းဥပဒေဖြင့် နောက်ထပ် option (ရွေးချယ်နိုင်သည့် အခွင့်အရေး)တစ်ခုကို အကောင်အထည် ဖော်ခြင်းဖြစ်ကြောင်း စစ်ရေးအကဲခတ် လေ့လာနေသူတစ်ဦးက ဆိုသည်။
“ဆိုတော့ ဒီလုံခြုံရေး ကုမ္ပဏီတွေ ပေါ်လာခြင်းအားဖြင့် မြန်မာ့ပဋိပက္ခက ပိုပြီးရှုပ်ထွေးသွားဖို့ သေချာတယ်။ နောက်သူတို့လုပ်မယ့် ရွေးကောက်ပွဲကို အသိအမှတ်ပြု ကာကွယ်ပေးရမယ့် လုပ်ငန်းစဉ် တွေမှာ ဒီကုမ္ပဏီတွေ ပူးပေါင်းရဖို့ရှိတယ်”ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှုဆိုင်ရာ ဥပဒေကို ၎င်းတို့၏ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းနိုင်စေရန်အပါအဝင် ရည်ရွယ်ချက် ငါးချက်ဖြင့် စစ်ခေါင်းဆောင်က လက်မှတ်ရေးထိုး ပြဋ္ဌာန်း လိုက်ခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းအပြင် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေနှင့်အညီ မှတ်ပုံတင်ရမည်ဖြစ်ပြီး လိုင်စင်ရလုံခြုံရေး ကုမ္ပဏီများကို ဗဟိုကော် မတီ၏ ခွင့်ပြုချက်ဖြင့် လက်နက်ခဲယမ်းနှင့် နည်းပညာဆိုင်ရာ လုံခြုံရေး အထောက်အကူပြု ပစ္စည်းများ ဝယ်ယူကိုင်ဆောင်ရန် ခွင့်ပြုသွားမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှုဆိုင်ရာ ဥပဒေတွင် ဖော်ပြထားသည်။
“ဖြစ်နိုင်တာက စစ်ဗိုလ်ချုပ်ဟောင်းတွေ၊ စစ်တပ်အရာရှိတွေ ဦးဆောင်တဲ့ လုံခြုံရေး ကုမ္ပဏီကြီးတွေ ပိုပေါ်လာမယ်။ လက်ခွဲတွေကို အိမ်ရာ၊ စက်ရုံ၊ ကွန်ဒိုတွေ ပြန်လက်လီ ခွဲငှားတာမျိုး ဖြစ်လာမယ်။ ကျန်တဲ့သူတွေ ကုမ္ပဏီဖွဲ့နိုင်ဖို့က မလွယ်ပါဘူး” ဟုစစ်ရေး လေ့လာစောင့်ကြည့်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါအခြေအနေကြောင့် သာမန်ပြည်သူအတွက် လုံခြုံရေးအဖိုးအခ များလာနိုင်ပြီး ဥပမာအားဖြင့် အိမ်ရာ၊ ကွန်ဒို အစောင့်များကို ကြေးပိုပေးရနိုင်ကြောင်း ၎င်းက ဆက်လက်ေပြောကြားသည်။
လက်နက်ကိုင်ဆောင်ခွင့် ပေးမည့် စစ်ခေါင်းဆောင်၏ ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှုဆိုင်ရာ ဥပဒေတွင် လိုင်စင်ရ ကုမ္ပဏီများအနေဖြင့် လုပ်ငန်းလိုအပ်ချက်အရ ခုခံကာကွယ်ခွင့်၊ ပြစ်မှုကျုးလွန်သူကို ဖမ်းဆီးခွင့်ရှိသည်ဆိုသော လုပ်ပိုင်ခွင့်ကိုလည်း ပေးထားကြောင်း သိရသည်။
လက်ရှိတွင် ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှုပေးနေသော မြန်မာနှင့် နိုင်ငံခြားသားပိုင် ကုမ္ပဏီ ၁၅၀ နီးပါးရှိနေပြီး စစ်အုပ်စုနှင့် ပတ်သက်ဆက်နွယ်သူများ ပါဝင်နေသလို ဝန်ထမ်းခန့်ရာ၌လည်း စစ်မှုထမ်းဟောင်းနှင့် ရဲဝန်ထမ်းဟောင်းတို့ကိုသာ ဦးစားပေး ခန့်အပ်ထားကြောင်း သိရသည်။
ဓာတ်ပုံ – အင်တာနက်
#စစ်ကောင်စီ #လက်နက်ကိုင်ခွင်ိ့ #ပုဂ္ဂလိကလုံခြုံရေးဥပဒေ #မြန်မာ့ပဋိပက္ခ #ပိုမိုရှုပ်ထွေး #စစ်အုပ်စုပိုင် #လုံခြုံရေးကုမ္ပဏီများ #Ayeyarwaddy_Times