ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၂ ရက်

ဧရာ၀တီတိုင်း၊ရေကြည်မြို့နယ် ပိတောက်ချောင်လမ်းဆုံတွင် ဖေဖော်ဝါရီ၂၁ရက်နေ့ ညနေပိုင်းက အရပ်၀တ် စစ်ကောင်စီတပ်ဖွဲ့၀င်နှစ်ဦး မောင်းနှင်လာသောကား တိမ်းမှောက်ခဲ့ရာ လာရောက်စစ်ဆေးသည့်ရဲနှင့် အုပ်ချုပ်ရေးမှူးတို့ အရိုက်ခံရကြောင်း ဒေသခံများထံက သိရသည်။

တိမ်းမှောက်သောကားမှာ Light truck အမျိုးအစားဖြစ်ပြီး လက်နက်ကိုင်ဆောင်ထားသောအရပ်၀တ်စစ်ကောင်စီတပ်ဖွဲ့၀င် နှစ်ဦးနှင့်အတူ လက်နက်ခဲယမ်းများထည့်ထားသော သစ်သားပုံးများနှင့် ဆီပေပါ နှစ်လုံးပါ၀င်ကြောင်း သိရသည်။

“တင်လာတဲ့ဝိတ်ကြောင့်ထင်တယ်။ လမ်းဘေးက ရပ်ထားဆိုင်ကယ်ကို ချိတ်ပြီး ဘေးစောင်းလဲသွားတာ အရပ်သားကားမှတ်လို့ ပြီးမှ သေနတ်တွေနဲ့စစ်တပ်ကလူတွေဖြစ်နေတာ”ဟု
မျက်မြင်တွေ့ရှိသူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

အဆိုပါယာဉ်တိမ်းမှောက်ရာသို့လာရောက်စစ်ဆေးသော ရပ်ကွက်အုပ်ချုပ်ရေးမှူးကို စစ်ကောင်စီတပ်သားများမှ ပါးရိုက်ကာ၊ ယာဉ်တိမ်းမှောက်မှုကို ဓာတ်ပုံရိုက်သည့် ယာဉ်ထိန်းရဲများကိုလည်း အော်ဟစ်ဆဲဆို​ခဲ့ပြီး ဓါတ်ပုံများကိုပြန်ဖျက်ပစ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါကားသည် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ ရေကြည်မြို့ရှိ အမှတ် ၃၄၄ အမြောက်တပ်သို့ ပစ္စည်းများအရေးပေါ်
သွားရောက်ပို့ဆောင်ရမည်ဟုဆိုကာ ရဲများကို ခြိမ်းခြောက်ကာ ဒေသခံအချို့ကိုလည်း ကားကိုပြန်ထောင်ခိုင်းပြီး မောင်းနှင်သွားကြောင်းသိရသည်။

လက်ရှိတွင် ဂွ-ငါးသိုင်းချောင်းကားလမ်းတွင် အာရက္ခတပ်တော်AAပူးပေါင်းတပ်များနှင့်စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကားများအပြင် အရပ်ဖက်ကားများအသုံးပြု၍ လက်နက်ခဲယမ်းနှင့် ရိက္ခာများကိုဆက်တိုက်ပို့ဆောင်နေကြောင်း သိရသည်။

#ရေကြည်မြို့ #စစ်ကောင်စီ #ကားတိမ်းမှောက် #လာရောက်စစ်ဆေးသည့် #ရဲနှင့်အုပ်ချုပ်ရေးမှူး #အရိုက်ခံရ
#Ayeyarwaddy_Times