
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၂ ရက်
အာဏာသိမ်းစစ်ကောင်စီ၏ အရပ်သားများအပေါ်အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများကြောင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် စက်တင်ဘာ မှ ဒီဇင်ဘာအထိ လေးလတာကာလအတွင်း အရပ်သား သေဆုံးမှု ၃၆၈ ဦး အထိ ရှိခဲ့ကြောင်း ဉာဏ်လင်းသစ် သုတေသနအဖွဲ့အစည်း အစီရင်ခံစာအရ သိရသည်။
အရပ်သားများ အစုအလိုက်အပြုံလိုက် သတ်ဖြတ်ခံရခြင်းများတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကြဲတိုက် ခိုက်မှုများ၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ၊ စစ်ကြောင်းထိုး ဝင်ရောက်ကာ သတ်ဖြတ်ခြင်းများ၊ ဒရုန်းဖြင့် တိုက်ခိုက်ခြင်းများအပြင် နှစ်ဖက်တိုက်ပွဲများအတွင်း အစုလိုက် အပြုံလိုက် သေဆုံးမှုများလည်း ရှိခဲ့ကြောင်း သိရသည်။
လေးလတာအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုများအနက် လေကြောင်းတိုက်ခိုက် ခံရခြင်းကြောင့် သေဆုံးသူအများဆုံးဖြစ်ပြီး ၂၁၅ ဦးအထိရှိခဲ့ကာ ရခိုင်ပြည်နယ်မှ အများဆုံး တိုက်ခိုက်မှုခံခဲ့ရပြီး သေဆုံးသူအရပ်သားမှာလည်း ၈၂ ဦးဖြင့်အများဆုံးဖြစ်ကာ ရှမ်းမြောက်ဒေသမှာ ဒုတိယအများဆုံး သေဆုံးခဲ့ရကြောင်း သိရသည်။
စစ်အုပ်စု၏ လက်နက်ကြီးပစ်ခတ်မှုများ ကြောင့် သေဆုံးသူများတွင် အရပ်သားများတွင် ကလေးငယ် များလည်း ပါဝင်ခဲ့ပြီး သေဆုံးသူစုစုပေါင်း ၄၅ ဦးရှိခဲ့ပြီး ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင် ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်တွင် လက်နက်ကြီးထိမှန်မှုကြောင့်အရပ်သား ရှစ် ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
စစ်တပ်မှ စစ်ကြောင်းထိုးဝင် ရောက်စဉ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကို တော်လှန်ရေးအစမှ ယခုအချိန်အထိ စစ်ကိုင်းတိုင်းတွင် ပစ်မှတ်ထားပြုလုပ် နေပြီး ယခုလေးလတာကာတွင်လည်း သတ်ဖြတ်ခံရသူ ၅၁ ဦးရှိကာ ကျားဘီလူး စစ်ကြောင်း၏ သတ်ဖြတ်မှုကြောင့် ဘုတလင်မြို့နယ်တွင် အရပ်သား ၂၂ ဦးအထိ သေဆုံးခဲ့ရကြောင်း သိရသည်။
ထို့ပြင် ဒရုန်းအသုံးပြုတိုက်ခိုက်မှုကြောင့်လည်း ပဲခူးတိုင်း၊ ဖြူးမြို့နယ်ရှိ ရမ်းနဂါးဟိန္ဒူဘုရားကျောင်းမှ ဟိန္ဒူဘာသာဝင် ခုနစ် ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့သည့် ဖြစ်စဉ်များရှိခဲ့သည်။
နှစ်ဖက်အပြန်အလှန်တိုက်ပွဲများအတွင်း အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရသည့် ဖြစ်စဉ်များလည်းရှိခဲ့ပြီး ဖြစ်စဉ် ငါးခုအတွင်း အရပ်သား ၅၀ ဦးအထိ သေဆုံးခဲ့ရကာ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံရွာအနီး တိုက်ပွဲအတွင်း အရပ်သားအမျိုးသမီး ၁၂ ဦးအထိ သေဆုံးခဲ့ရကြာင်းလည်း သုတေသန အစီရင်ခံစာအရ သိရသည်။
စစ်ကောင်စီက အာဏာသိမ်းခဲ့သည့် လေးနှစ်တာ ကာလတွင် စစ်တပ်အပါအဝင် အဖွဲ့အစည်းပေါင်းစုံမှ သတ်ဖြတ်မှုကြောင့် ခုကဲ့သို့ အရပ်သားများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည့် ဖြစ်စဉ်ပေါင်း ၃၀၀ ကျော်ရှိခဲ့ပြီး သေဆုံးသူ ၃၆၅၃ ဦးအထိရှိပြီဖြစ် ကြောင်းလည်း ဉာဏ်လင်းသစ်သုတေသန အဖွဲ့အစည်း၏ အစီရင်ခံစာအရ သိရသည်။
ဓာတ်ပုံ – အင်တာနက်
ပုံစာ – အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရသည့်ဖြစ်စဉ်အချို့
#စစ်ကောင်စီ #အာဏာသိမ်းလေးနှစ် #အရပ်သား #အစုလိုက်အပြုံလိုက် #သတ်ဖြတ်ခံရ #Ayeyarwaddy_Times