ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၁ ရက်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အခြေစိုက် ခမရ-၅၅၈ တပ်ရင်းမှ တပ်ကြီးကြီးအပါအဝင် တပ်သားသစ် ခုနစ်ဦးမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်က ဒေါနတပ်ရင်းထံ လက်နက်နှင့်တကွ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

ခမရ-၅၅၈ တပ်ရင်းတွင် တာဝန်ထမ်းထောင်ကာ အလင်းဝင်လာသည့် တပ်သား ခုနစ် ဦးလုံးမှာ တပ်သားသစ်အဖြစ် အတင်းအဓမ္မ စုဆောင်းခြင်းခံထားရသည့် တပ်သားများ ဖြစ်ကြပြီး လမ်းကင်း တာဝန်ကျချိန်တွင် လက်နက်များယူဆောင်၍ ဒေါနတပ်ရင်း ဗျူဟာ(၃၃) စစ်ဆင်ရေးမှူးနှင့် ဆက်သွယ်ကာ အလင်းဝင်ရောက်လာခြင်းဖြစ်သည်။

အလင်းဝင်ရောက်လာသူများမှာ တပ်ကြပ်ကြီး ကျော်စွာဝင်း၊ တပ်သားချမ်းမွန်၊ တပ်သားမင်းခန့်ဝင်း၊ တပ်သားကောင်းမြတ်သူ၊ ဒုတပ်စိတ်မှူးဝိုင်းချစ်ဇော်၊ တပ်သားကျော်ထက်မိုး၊ တပ်သားကျော်စွာဟိန်းတို့ ဖြစ်ပြီး ၎င်းတို့ကို ဒေါနတပ်ရင်းမှ ဆုကြေးငွေများ ချီးမြှင့်ခဲ့ကြောင်းလည်း သိရသည်။

“ခုနစ်ဦးလုံးက တပ်သားသစ်တွေပါ။ သူတို့ဘယ်လိုရှေ့ဆက်သွားမလဲဆိုတာ ကျွန်တော်တို့ တယောက် ချင်းစီတော့ အသေးစိတ်မမေးမြန်းရသေးဘူးပေါ့နော်။ တချို့တစ်ဝက်ကတော့ ကျွန်တော်တို့နဲ့ အတူတူပူးပေါင်းပြီးတော့ စစ်ကောင်စီကို တိုက်ခိုက်ချင်တယ်” ဟု ဒေါနတပ်ရင်းမှ ဒု-တပ်ရင်းမှူး ရဲဘော်ဝေကြီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အလင်းဝင်ရောက်ခဲ့သည့် တပ်သားသစ် ခုနှစ် ဦးမှာ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီ တိုင်း၊ မွန်ပြည်နယ် စသည့်ဒေသအသီးသီးမှ ဖြစ်ကြောင်းလည်း သိရသည်။

တပ်သားစုဆောင်းခံရပြီးနောက် ပုသိမ်မြို့နယ်၊ ရွှေမြင တင်ကျေးရွာအုပ်စု ရှိအမှတ် (၆) စစ်အခြေခံ လေ့ကျင့်ရေးကျောင်း၊ ရွှေမြင်တင်(ပုသိမ်) သင်တန်းကျောင်း၊ အမှတ်(၁၂ ) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း ၊ သထုံအမှတ်(၉)အခြေခံ လေ့ကျင့်ရေးကျောင်းများ တွင် စစ်သင်တန်း တက်ခဲ့ရပြီး အမှတ်စဉ်(၅)၊ (၆) မှ သင်တန်းဆင်းတပ်သားများဖြစ်ကြောင်း သိရသည်။

၎င်းတို့နှင့်အတူ MA-1 သုံးလက်၊ MA-2 တစ်လက်၊ MA-3 တစ်လက်၊ MA-4 နှစ်လက်၊ ကျည်ဘောက် ၂၆ ခု နှင့် ကျည်တောင့်များ၊ လက်နက်ကြီးကျည်များ အပါအဝင် ခဲယမ်းအများအပြား ယူဆောင်ကာ အလင်းဝင်ခဲ့ကြခြင်းဖြစ်ကြောင်းလည်း သိရသည်။

“ကျွန်တော်တို့က ရပ်ရွာထဲမှာ စစ်မှုထမ်းအလှည့်ကျလို့ မဲနှိုက်တာပေါက်လို့ ပါသွားတာမဟုတ်ပါဘူး။ အတင်းအဓမ္မ ဖမ်းဆီး ဆွဲခံရပြီးပါလာကြတာပါ။ ကျွန်တော်တို့ကတော့ စစ်ကောင်စီကို ပြန်ချမှာပါ” ဟု အလင်းဝင်ရောက်ခဲ့သည့် တပ်သားသစ်တစ်ဦးက ဒေါနတပ်ရင်းကို ပြောဆိုခဲ့သည်။

လက်ရှိတွင် ဒေါနတပ်ရင်း၌ တာဝန်ထမ်းဆောင်နေသည့် အလင်းဝင်ရောက်လာသည့် တပ်မတော်သား ၁၈ ဦးရှိပြီး စစ်ကောင်စီတပ်ဖွဲ့များအနေဖြင့်လည်း ပြည်သူဘက်သို့ ‌အလင်းဝင်ရောက်လိုပါက ဒေါနတပ်ရင်း အပါအဝင် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များကို ဆက်သွယ်ကာ အလင်းဝင်ရောက်နိုင် ကြောင်းလည်း ဒေါနတပ်ရင်းက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ဒေါနစစ်ကြောင်း
#ဒေါနစစ်ကြောင်း #ခမရ၅၅၉ #တပ်သားသစ် #အလင်းဝင် #စစ်ကောင်စီ #စစ်မှုထမ်းစုဆောင်း #Ayeyarwaddy_Times