ပြည်သူ့ရင်ခွင်သို့ ခိုလှုံလိုပါက ဟုမ္မလင်းမြို့နယ် ပကဖထံ ဆက်သွယ်နိုင်

ဧရာဝတီတိုင်းမ်
(ဟုမ္မလင်း)၊ ဖေဖော်ဝါရီ ၂၁ ရက်

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) -၇၅၃ တပ်ရင်းမှ ရဲဘော် ကိုးဦးသည် ပြီးခဲ့သည့် ဖေဖော် ဝါရီ ၂ ရက်နေ့က ဟုမ္မလင်းပကဖထံ လက်နက်နှင့်တကွ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

အလင်းဝင်ရောက်လာသည့် ရဲဘော် ကိုး ဦးကို ဟုမ္မလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ကောင်းမွန်စွာထိန်း သိမ်းစောင့်ရှောက်ထားပြီး ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်းပေး အပ်ခဲ့ကာ ၎င်းတို့မိသားစုဝင်များနှင့်လည်း တွေ့ဆုံစေမှုများ ပြုလုပ်ခဲ့ကြောင်း ယနေ့ဖေဖော်ဝါရီ ၂၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

SNA ရဲဘော် ကိုး ဦးမှ ၎င်းတို့နှင့်အတူ G-3 သံုး လက်၊ AK ဒင်ခေါက် တစ် လက်၊ AK တစ် လက်၊ ကီးချန်း တစ် လက်၊ G-3ကျည် ၁၉၅ တောင့်၊ ၇.၆၂ ကျည် ၆၀၇ တောင့် စသည့် လက်နက်ခဲယမ်းများ ယူဆောင်ကာ အလင်းဝင်ရောက်ခဲ့ကြခြင်းဖြစ်သည်။

အလင်းဝင်ရောက်ခဲ့သည့် SNA ရဲဘော်များကို တော်လှန် ရေးတပ်ဖွဲ့ဝင်များမှ လာရောက်တွ့ဆုံကာ စိတ်ဓာတ်ခွန်အားပေးခြင်းများပြုလုပ်ခဲ့ပြီးယမန်နေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့ကလည်း ခန္တီးခရိုင်ပေါင်းစပ်ညှိနိူင်းရေးအဖွဲ့မှ ဦးဆောင်၍ အလင်းဝင်ရဲဘော်များကို ဂုဏ်ပြုငွေချီးမြှင့်သည့်အခမ်းအနား ကျင်းပပေးခဲ့ကြောင်းသိရသည်။

SNA ရဲဘော်များအနေဖြင့်လည်း ပြည်သူ့ရင်ခွင်သို့ခိုလှုံလိုပါက ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) သို့ဆက်သွယ်နိုင်ပြီး လှိုက်လှဲစွာဖြင့်ကြိုဆို နေကြောင်းကိုလည်း ဟုမ္မလင်း(ပကဖ) က ထုတ်ပြန်ပြောဆိုထားသည်။

ဓာတ်ပုံ – ပေးပို့
#ဟုမ္မလင်း #SNA #ရှမ်းနီတပ်မတော် #ရဲဘော်အလင်းဝင် #ဟုမ္မလင်းပကဖ #Ayeyarwaddy_Times