
(ဟားခါး)၊ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၁ ရက်
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ယမန့်နေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ကျရောက်သည့် (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို စစ်ကောင်စီ၏ ဒုတိယ ဝန်ကြီးချုပ် ဗိုလ်ချုကြီး တင်အောင်စန်းအပါအဝင် ဝန်ကြီး ၁၀ ဦးထက်နည်း တက်ရောက်ခဲ့ကြောင့် ဒေသခံများထံက သိရှိရသည်။
အဆိုပါ ချင်းအမျိုးသားနေ့ကို ဟားခါးမြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ၂၆၆ တပ်ရင်းကုန်းတွင် လုံခြုံရေးတင်းကြပ်စွာဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို စစ်ကောင်စီ၏ ဝန်ကြီးများဖြစ်ကြသည့် ဒုဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ဝန်ကြီး ဒေါက်တာစိုးဝင်း၊ နယ်စပ်ရေးရာဝန်ကြီး ခွန်သန့်ဇော်ထူး၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းတို့တက်ရောက်ကြသည်။ ထို့အပြင် စစ်ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာဘရွှေ၊ ဒေါက်တာမှုထန် နှင့် စစ်ကောင်စီ၏ ချင်းပြည်နယ်အစိုးရအဖွဲ့လည်း တက်ရောက်ကြောင်းသိရသည်။
“ဝန်ကြီးတွေချည်း ၁၀ ယောက်လာသွားပါတယ်။ နာမည်အပြည့်စုံတော့ မသိဘူး။ အခမ်းအနားပြီးပြီးချင်း တပြိုင်တည်း ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ဝန်ကြီးတွေ တွေ့ဆုံမှုပြုလုပ်တယ်။ အဲ့မှာ ဝန်ကြီးတွေကနေ ဌာနအလိုက် ထောက်ပံ့ငွေတွေ၊ စားနပ်ရိက္ခာတွေ ကူညီ ထောက်ပံ့ပေးသွားပါတယ်” ဟု ချင်းအမျိုးသားနေ့ အခမ်းအနားကို တက်ရောက်ခဲ့သည့် ကျောင်းဆရာမတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်တပ်အာဏာသိမ်းပြီး ချင်းပြည်နယ်တွင် ကျင်းပသည့် ချင်းအမျိုးသားနေ့များတွင် ယခုနှစ်မှသာ စစ်ကောင်စီ၏ ဒုဝန်ကြီးချုပ်အပါအဝင် ဝန်ကြီး ၁၀ ဦးထက်မနည်း တက်ရောက်ခဲ့ခြင်းလည်း ဖြစ်သည်။
ချင်းအမျိုးသားနေ့ကို ယခင်နှစ်တွင် ဟားခါးမြို့၊ မြို့မရပ်ကွက်ရှိ ဝမ္မသူးမောင် အားကစားကွင်းတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် မြို့ခံပြည်သူများ ပါဝင်ပြီး စည်းကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြသော်လည်း ယခုနှစ်တွင် ခလရ ၂၆၆ တပ်ရင်းကုန်းတွင် ကျင်းပသည့်အတွက် မြို့ခံပြည်သူများ ပါဝင်ခဲ့ခြင်းမရှိပါ။
“အရင်နှစ်တွေက အားကစားကွင်းမှာဆို မည်သူမဆို လာလို့ရတယ်လေ။ ဒီနှစ်ကျမှ စကစ စခန်းကုန်းမှာဆိုတော့ ဘယ်သူမှမသွားချင်ကြဘူးလေ။ လုံခြုံရေးကလည်း တင်းကြပ်ထားသေးတယ်။ ဘယ်အရပ်သားမှလည်း မသွားကြဘူး။ စကစအသိုင်းဝိုင်းရယ်၊ Non CDM ဝန်ထမ်းတွေရယ် အဲ့လောက်ပါပဲ” ဟု ဟားခါးမြို့ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဟားခါးမြို့တွင် စစ်ကောင်စီ ကျင်းပသည့် ချင်းမျိုးသားနေ့သည် ဟန်ပြသာဖြစ်ပြီး ၎င်းတို့ကို ပြည်သူများက ထောက်ခံ အသိအမှတ်ပြုနေသည်ဟု ဟန်ဆောင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဟားခါးမြို့အခြေစ်ိုက် ချင်းကာကွယ်ရေးတပ်(ဟားခါး)က ပြောဆိုသည်။
“ကျနော်အမြင်နဲ့ဆိုရင်တော့ သူတို့က ပြည်သူထောက်ခံမှုရပါသေးတယ်။ ဟားခါးမြို့မှာတောင်မှ ကျနော်တို့ကို ပြည်သူတွေက ထောက်ခံပါသေးတယ်။ ချင်းအမျိုးသားနေ့တောင် ကျင်းပတယ်။ ကျွန်ဝော်တို့ လူကြီးတွေတောင် ဟိုဖက်မှာ ရောက်နေတယ်ဆိုတာကို ပြပြီးမှ နိုင်ငံတကာမှာ ဒီပြည်သူတွေက ကျွန်တော်တို့ကို အသိမှတ်ပြုပါတယ်ဆိုတဲ့ဟာကို ယူချင်တယ်လို့ပဲ ထင်ပါတယ်” ဟု CDF-Hakha တာဝန်ရှိသူ Salai Zing Mawng Lian က ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး NCA ပါ သဘောတူညီချက်များအတိုင်း ဦးတည်အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် အစဉ်အမြဲ တံခါးဖွင့်ကြိုဆိုကြောင်း ယမန်နေ့ ကျရောက်သည့် (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့တွင် စစ်ခေါင်းဆောင်က သဝဏ်လွှာပေးပို့ထားသည်။
#စစ်ကောင်စီ #ဝန်ကြီးများ #ချင်းအမျိုးသားနေ့ #ဟားခါးမြို့ #ခလရ၂၆၆တပ်ရင်း #Ayeyarwaddy_Times