
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၁ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့တွင် အမှတ် ၉၀၇ စစ်မြေပြင်အင်ဂျင်နီယာတပ်သည် လုံခြုံရေးအရဟုဆိုကာ သံဆူးကြိုးကာရာတွင် ကျေးရွာအချို့၏ လမ်းမကြီးများပါ၀င်သွားသောကြောင့် သွားလာရေးအတွက် အခက်အခဲကြုံနေရကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါတပ်မှ သံဆူးကြိုးများကာရာတွင် ရွာသစ်ကုန်းကျေးရွာနှင့် စမ်းကြီးကုန်းကျေးရွာကို ဆက်သွယ်ထားသော ရွာခြင်းဆက်လမ်းမကြီးကို ပိတ်ကာထားသောကြောင့် ဒေသခံများ၏သာရေး၊ နာရေး၊ ပညာရေးနှင့် စားသောက်ကုန်များသယ်ယူရေးအတွက်များစွာ အခက်အခဲဖြစ်နေကြောင်း သိရသည်။
“စစ်တပ်ကို ရွာကလူကြီးတွေ သွားပြောသေးတယ် ၊ ခြံခတ်ထားတာဖြုတ်ပေးရင် တပ်လုံခြုံရေးကို ရွာသားတွေက အာမခံနိုင်လားလို့ခြိမ်းခြောက်မေးလို့ ပြန်လာရတယ်။ သူ့တို့တပ်နားမှာနေရတော့ သူတို့က ရွာတွေကိုပါဓားစာခံသဘောမျိုးဧရိယာထဲ ထည့်ခတ်ပစ်တာ။ တပ်ထဲက ဖြတ်သွားဖို့ကြတော့လည်း ဝင်ခွင့်မပေးပြန်ဘူး”ဟု ဒေသခံတစ်ဦးမှဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် လမ်းပိတ်ခံထားရသည့်ကျေးရွာများအနေဖြင့် လမ်းအသစ်ဖောက်ရန်အတွက် လယ်မြေများကို၀ယ်ယူရမည်ဖြစ်ပြီး မြေ၀ယ်ယူရန် တစ်အိမ် ငွေကျပ်တစ်သိန်း ထည့်ရန်လျှာထားကြောင်း သိရသည်။
ဇန်နဝါရီလအတွင်း အာရက္ခတပ်တော်AAနှင့်ပူးပေါင်းတပ်မှ ဧရာ၀တီတိုင်းတွင်တိုက်ပွဲများဖော်ဆောင်လာသည့်နောက်ပိုင်း စစ်ကောင်စီတပ်မှ ဘန်ကာများ၊ သံဆူးကြိုးများကာရံခြင်း၊ရဟတ်ယာဥ်ကွင်းများတည်ဆောက်ခြင်း၊ လက်နက်ကြီးများစမ်းသပ်ပစ်ခတ်ခြင်း၊ဒရုန်းများဖြင့်ကင်းလှည့်ခြင်းနှင့် ကျေးရွာများတွင်တပ်စွဲခြင်းတို့ပြုလုပ်ကာ ခံစစ်ကိုပိုမိုပြင်ဆင် လာကြောင်း သိရသည်။
#ပုသိမ်အခြေစိုက် #စစ်ကောင်စီတပ်ရင်း #ခံစစ်ပြင် #ဒေသခံများအသုံးပြုသည့်လမ်း #ခြံစည်းရိုးခတ်ပိတ်ထား #Ayeyarwaddy_Times