ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၀ ရက်

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေအတွင်းရှိ ကျားဖြန့် (ခ) အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် လူကုန်ကူးခံရသော ပြည်ပနိုင်ငံသား ၂၅၀ ဦးကို ထပ်မံစစ်ဆေး ဖော်ထုတ်နိုင်ခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်လာသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများသို့ တရား မဝင် လမ်းကြောင်းများမှတဆင့် ဝင်ရောက်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၂၅၀ ဦးကို ယမန်နေ့ ဖေဖော်ဝါရီ ၁၉ ရက်ကထပ်မံစစ်ဆေး ဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ပြီး ၎င်းတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည် လွှဲပြောင်းပေးအပ်နိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

သို့သော် မည့်သည့်နိုင်ငံသားများ ဖြစ်သည်ကိုမူ မသိရှိရသလို လိုအပ်သည့် ကိုယ်ရေးအချက် အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်း လုပ်ငန်းများကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် နေ့ချင်းပြီး ဆောင်ရွက်၍ ယခုနှစ် ဇန်န ဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၁၉ ရက်အထိ ပြည်ပနိုင်ငံသား စုစုပေါင်း ၁၅၅၃ ဦးကို စစ်ဆေးဖော်ထုတ်နိုင်ခဲ့သည်ဟု ဆိုသည်။

ယင်းဒေသများအတွင်း တရုတ်နိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံသားများ လူကုန်ကူးခံရပြီး ပိတ်လှောင်နှိပ်စက် ညှဉ်းပန်းခံနေရသဖြင့် အရေးယူပေးရန် တရုတ်အစိုးရ၏ ဖိအားပေးမှုများ ပြင်းထန်လျက်ရှိရာ ထိုအတွက် တရုတ်အစိုးရအား ဖြိုခွင်းပေးရန် ကတိပေးခဲ့ပြီးနောက် ယခုကဲ့သို့ စစ်ဆေးဖော်ထုတ်နေခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ယနေ့၌ပင် စစ်ကောင်စီ ပါဝင်သော မြန်မာ -ထိုင်း-တရုတ် သုံးနိုင်ငံမှ ကိုယ်စားလှယ်များသည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် တွေ့ဆုံ ၍ အွန်လိုင်းလိမ်လည်မှု (Telecom Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများ အမြန်ဆုံးလွှဲပြောင်းလက်ခံနိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ယင်းနိုင်ငံများအကြား Task Force ဖွဲ့စည်း၍ Action Plan ရေးဆွဲကာ ပူးပေါင်းဆောင်ရွက်သွားမည့် အစီအမံများ၊ တတိယနိုင်ငံသားများအား ထိုင်းနိုင်ငံမှတစ်ဆင့် သက် ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံးလွှဲပြောင်းနိုင်ရေး စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက ဆိုသည်။

အဆိုပါတွေ့ဆုံပွဲသို့ စစ်ကောင်စီခန့် ပြည်ထဲရေးဝန်ကြီး ဒုတိယရဲချုပ်(၁) ရဲဗိုလ်ချုပ် တင်ကိုကို၊ ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ် ဒုပြည်နယ်အုပ်ချုပ်ရေးမှူး Mr.Narongchai Jindaphan၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီး ဌာန ပြစ်မှုဆိုင်ရာစုံစမ်း စစ်ဆေးရေးဌာန ဒုညွှန် ကြားရေးမှူးချုပ် Mr. Liu Ning Ning တို့ တက်ရောက်ကြောင်း သိရသည်။

ဓာတ်ပုံ- စစ်ကောင်စီ
#ထိုင်းမြန်မာနယ်စပ် #ကျားဖြန့်ဂိုဏ်များ #လူကုန်ကူး #ပြည်ပနိုင်ငံသား၂၅၀ဦး #၁၅၅၃ဦး #Ayeyarwaddy_Times